မြန်မာ့ဆန်တွေ နိုင်ငံတကာအရည်အသွေး ဘာကြောင့် မမီတာလဲ

ရန်ကုန်ဆိပ်ကမ်းမှာ ဆန်အိတ်ထမ်းနေတဲ့ အလုပ်သမားတဦးကိုတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၃)

မြန်မာနိုင်ငံဟာ နှစ်စဉ် ပြည်ပကို ဆန်တင်ပို့ရောင်းချနိုင်ပေမယ့် ကမ္ဘာဆန်ထုတ်လုပ်မှုမှာ ထိပ်တန်းမှာရှိကြတဲ့ ထိုင်း၊ ဗီယက်နမ် နဲ့ အိန္ဒိယတို့ကို အရေအတွက်ရော ၊ အရည်အသွေးရော ယှဉ်နိုင်ဖို့ကတော့ ဝေးကွာလွန်းပါသေးတယ်။ နိုင်ငံတကာ အဆင့်မီဆန်တွေ ရရှိနိုင်ဖို့အတွက် ဆန်စက်ကောင်းကောင်းတွေ မရှိတာက အဓိက အချက် တချက်ဖြစ်နေပါတယ် ။ အရင်ကနဲ့ စာရင် အခုအခါ စပါးအထွက်ကောင်းတဲ့ဒေသတွေမှာ အများစု တရုတ်နိုင်ငံလုပ် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ဆန်စက်ကြီးတွေကို တပတ်ရစ် ဒါမှမဟုတ် အသစ်စက်စက်တွေကို အသုံးပြုလာကြပေမယ့် ထွက်ရှိလာတဲ့ ဆန်အဆင့်ကတော့ နိုင်ငံတကာ အဆင့်မီဖြစ်ဖို့ လိုအပ်နေပါသေးတယ်။ အလားတူ စပါးထွက်ရှိကြတဲ့ ဒေသတွေက လျှပ်စစ်မီးရရှိကြတဲ့ ကျေးရွာကြီးတွေမှာတော့ အရင်က ပြည်တွင်းထုတ် ဟာလာ ဆန်စက်ငယ်တွေအစား တရုတ်နဲ့ ထိုင်းနိုင်ငံတွေကနေ တင်သွင်းလာကြတဲ့ စက်ငယ်လေးတွေကို အစားထိုးအသုံးပြုလာကြပါတယ်။ အဲဒီလို ဆန်စက် အကြီးအသေးအလိုက် အရင်ကနဲ့ စာရင် ပိုမိုခေတ်မီလာကြပေမယ့် နဝလီကြိတ်ခွဲတဲ့အဆင့်မှာ လျှပ်စစ်မီး ပုံမှန်မရတဲ့ ပြဿနာနဲ့ ဖွဲထွက်နှုန်း ၊ ဆန်ကွဲထွက် ပြသာနာတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဖက်ကမ်းက လယ်သမားတဦးလည်းဖြစ်၊ တရုတ်နယ်စပ်ကို စပါးကြိတ်ခွဲရောင်းချသူတွေနဲ့ ပူးတွဲလုပ်ဆောင်နေသူတဦးက အခုလိုပြောပါတယ်။

" ဆန်စက်တွေက ခုနောက်ပိုင်းမှာ တော်တော်လေး Modernize ဖြစ်လာတယ်။ ဆန်က တရုတ်ပို့နေတာကိုး။ အခုက ကြိတ်ခွဲတဲ့စနစ်တွေက တော်တော်ကောင်းတယ်။ ဟိုတုန်းကနဲ့တော့ ဘာမှမဆိုင်တော့ဘူး။ သန့်စင်စက်တွေ။ အရောင်တင်စက်တွေ အများကြီးပေါ့။ ကွန်ပြူတာနဲ့ ကောက်တဲ့စနစ်အထိ ရောက်သွားပြီ။ အခုကတော့ အဲဒီလိုအထိ ကောင်းသွားပြီ။ အခုကတော့ အရည်အသွေးပိုင်းကတော့ ပြောစရာ သိပ်မလိုတော့ဘူး။ စပါးအရည်အသွေးကောင်းမှ ဆန်အရည်အသွေးကောင်းမှာလေ။ ဒါပေမယ်လို့ စက်တွေကတော့ Export ပို့နိုင်တဲ့ အရည်အသွေးတော့ မမှီသေးဘူး။ စက်ကြီးတွေကတော့ ကြီးလည်း ကြီးတယ်။ ခေတ်လည်မီတယ်။ လျှပ်စစ်ဓါတ်အားသုံးတွေ ၊ မော်တာတွေနဲ့ ချီပဲ။ လျှပ်စစ်ဓါတ်အားကတော့ ဘယ်လုံလောက်မလဲ ။ လာတဲ့အချိန်ကြိတ်ပေါ့။ ဒီလိုပဲ မလာတဲ့အချိန်ရပ်ထားပေါ့"

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ရှိ ဆန်ဆိုင်တဆိုင် (ဧပြီ ၂၁၊ ၂၀၂၃)

ဆန်စက်တွေဟာ ပြည်ပကို တင်ပို့နိုင်တဲ့ Export အရည်အသွေး အပြည့်အဝမရရှိနိုင်ပေမယ့်လည်း ပြည်တွင်းဈေးကွက် နဲ့ နယ်စပ်ဈေးကွက် အထူးသဖြင့် တရုတ်နယ်စပ်ကိုတော့ ကောင်းကောင်းတင်ပို့နိုင်တဲ့ အရေအသွေးတော့ရရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နယ်စပ်ကို တင်ပို့ကြတဲ့ ဝယ်လက်တွေဟာ စပါးထွက်ချိန်မှာ ဆင်းပြီး ဝယ်ယူကာ အဲဒီမှာတခါတည်း ကြိတ်ခွဲပြီး ကားကြီးတွေနဲ့ သယ်ယူနေကြပါတယ်။ ဒါကြောင့် အခုအခါမှာ လယ်သမားအများစုဟာ အရင်ကလို စပါးကို ဆန်ကြိတ်ခွဲပြီး ရောင်းချကြတာမဟုတ်တော့ပဲ လယ်ထဲက ထွက်တဲ့ စပါးအတိုင်းရောင်းချကြတာက များပါတယ်။ အဲဒီအတွက် အများစုကဆိုရင် ဝမ်းစာစပါးတောင် မချန်ကြတော့ပဲ ဆန်ကိုပြန်ဝယ်စားနေကြတယ်လို့ဆိုပါတယ်။ မိမိဝမ်းစာအတွက် ထားတဲ့ စပါးကို ဆန်စက်အသေးလေးတွေမှာ သွားကြိတ်ရင် အလုပ်ပိုလာပြီး ကုန်ကျစာရိတ်တွေကလည်း ပိုတက်လာတဲ့အတွက် ဆန်ကိုဝယ်စားကြတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဖက် စပါးအကြီးအကျယ်စိုက်ပျိုးတဲ့ ပွင့်ဖြူမြို့နယ် က စပါးအရောင်းအဝယ်လုပ် ဆန်ကြိတ်ခွဲနေသူတဦးဖြစ်တဲ့ အမျိုးသမီး လယ်သမားတဦးက အခုလိုပြောပါတယ်။

" ဆန်စက်အပေါ်လည်း မူတည်ပါတယ်ရှင့်။ ကျောက်ပြားနဲ့ ခွဲတာနဲ့ ရိုလာနဲ့ ခွဲတာလည်း ကွာပါတယ် ။ ဟိုခေတ်က ကျောက်ပြားနဲ့ ခွဲတာ။ ဒီခေတ်မှာတော့ ရိုလာတုံးနဲ့ခွဲတာ ။ ဆန်အရည်အသွေးတော့ အနည်းနဲ့ အများကွာသေးတာပေါ့။ ဒါပေမယ့် ကြေတာတွေ ဘာတွေမရှိတော့ဘူး။ ဟိုတုံးက စပါးလုံးတွေ ဘာတွေ ကောက်ရသေးတယ်။ အခုကတော့ မကောက်ရတော့ဘူး။ အခုကတော့ သန့်စက်တွေ ဘာတွေနဲ့ တခါတည်း သန့်စက်တင်လိုက်ရင် အချောင်းလိုက်ထွက်လာတော့တာ။ ထက်ပိုင်းချိုးတဲ့ဟာတို့၊ ဖွဲတွေ ၊ စကွဲတွေကတော့ သတ်သတ်ထွက်သွားတော့တာ။ သူက တစေ့ချင်းလေးတွေပဲ ထွက်လာတော့တာလေ။ ဆန်သန့်စက်တွေမှာ တင်ရတယ်။ ရွေးပြီးကောက်ပြီးသားပေါ့ ။ အဖျားအနာ တို့ ဖွဲကျောက်တို့ ဘာတို့ မပါတော့ဘူးပေါ့။ ကိုယ်ဖာသာ ဝမ်းစာကြိတ်တာတွေကတော့ ဖွဲ စကွဲ ထက်ပိုင်းကျိုးတွေလည်း ပါတာပေါ့။ ကုန်သည်ကြီးတွေကြိတ်တဲ့ဟာကတော့ အချောင်းလိုက် ပဲ့တဲဟာ မပါဘူးပေါ့။ ရွေးစက်နဲ့ အမဲစေ့တို့ ဘာတို့ ကောက်ပြီးသား။ ရွေးစက်နဲ့ ရွေးပြီးသား။ အမဲစေ့တို့ ဘာတို့ ကောက်ပြီးသား ။ ရွေးပြီးသား။ တစေ့ချင်း ဆန်သားကြီးပဲ ဖြစ်သွားတာ။ ဟိုတုံးကနဲ့ စာရင် ဆန်အရည်အသွေးတွေလည်း ပိုကောင်းလာတယ်။

အဲဒီလို ခေတ်မီဆန်စက်တွေ နဲ့ ကြိတ်ခွဲရာမှာ ထွက်ရှိလာတဲ့ ဆန်အနေအထားက အဆင့်မီပေမယ်လည်း လယ်ထဲက ချွေပြီးသား စပါးကို ချက်ချင်းဝယ် ပေါင်းခံပြီး အမြန်ဆုံး ချောက်သွေ့အောင်လုပ်ရတဲ့အတွက် စိုထိုင်းစတွေ လျော့သွားပေမယ့် လုံးဝကင်းစင်သွားတာတော့မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လယ်သမားတွေအနေနဲ့လည်း ငွေအမြန်ပေါ် ၊ အထူးသဖြင့် တရုတ်နယ်စပ်ကို အမြန်တင်ပို့နိုင်ဖို့အတွက် သဘာဝအတိုင်း စပါးကို အချိန်ယူ ခြောက်သွေ့အောင် လှောင်တဲ့အဆင့်အထိ မရောက်ပဲ ကြိတ်ခွဲကြတာဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယက ဘာစမာတီဆန်၊ ထိုင်းက ဂျက်စမင်နဲ့ ဗီယက်နမ် ဆန်တို့လို နိုင်ငံတကာ ဈေးကွက်ကို မီအောင်လိုက်နိုင်ဖို့ကတော့ စိုထိုင်းစ ကင်းစင်ဖို့ကလည်း လိုအပ်ချက်တခုဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဖက်ကမ်း က လယ်သမားတဦးလည်းဖြစ် ၊ တရုတ်နယ်စပ်ကို စပါးကြိတ်ခွဲရောင်းချသူတွေနဲ့ ပူးတွဲလုပ်ဆောင်နေသူတဦးက အခုလိုပြောပါတယ်။

" ပေါင်းတဲ့ရည်ရွယ်ချက်က စိုထိုင်းစရှိလို့ပေါင်းတာ ၊ လှောင်စပါးတွေကြတော့ ပေါင်းစရာမလိုတော့ဘူး။ ဒီနေ့လယ်ထဲကရိတ် နောက်နေ့ သူတို့က အဲဒီစပါးရောင်းမှာဆိုရင် ကုန်သည်ကဝယ်ပြီးတော့ ပေါင်းခံလိုက်တာ။ အခြောက်ခံစက် လိုပေါ့ဗျာ။ စိုထိုင်းစကို လျှော့တဲ့သဘောပေါ့။ များသောအားဖြစ်ကတော့ စပါးအတိုင်းရောင်းကြတာက များပါတယ်။ လယ်သမားက ဝမ်းစာလောက်ပဲကြိတ်ပြီး ကျန်တာကိုကြတော့ စပါးအတိုင်းရောင်းလိုက်ပြီးတော့ ကုန်သည်က အဲဒီအပေါ်မှာ Export လုပ်ဖို့တို့၊ မန္တလေး၊ ရန်ကုန်ပို့ဖို့တို့ အဲဒါမျိုးလုပ်ကြတာပေါ့။ များသောအားဖြင့် တရုတ်ပို့တာများပါတယ် "

ယခင်မှတ်တမ်းရုပ်ပုံ | ကျိုက်ကလတ်မြို့ရှိ ဆန်စက်တစက်မှာ အလုပ်လုပ်နေသူဦး (မေ ၂၄၊ ၂၀၁၂)

ဆန်စက်ပိုင်ရှင်တွေဖက်က ပြောတာကတော့ ဆန်ကောင်းရဖို့က စပါးကောင်းဖို့လည်း လိုတယ်လို့ပြောပါတယ်။ အခုလက်ရှိ စိုက်ပျိုးနေကြတဲ့ သာမန်ရိုးကျ စိုက်ပျိုးရေးပုံစံနဲ့ကတော့ ထွက်ရှိလာတဲ့ စပါးတွေ အနေနဲ့ တန်းဝင်အဆင့် ပြည်ပပို့နိုင်အောင် Export အဆင့်မီဆန်ရအောင် ကြိတ်ခွဲနိုင်ဖို့က လိုအပ်နေသေးတယ်လို့ ပြောကြပါတယ်။ အဲဒီအတွက် စက်ယန္တယားတွေကို ထွန်ယက် သယ်ဆောင် ချွေလှေ့နိုင်အောင် လယ်ကွက်တွေရဲ့လက်ရှိရေထိမ်းတဲ့ အကွက်ကျဉ်းတွေကို အကွက်အကျယ်တွေအဖြစ် ပြောင်းလည်းဖို့လိုအပ်နေပါတယ်။ ဒါအပြင် မျိုးစပါးကို နယ်မြေအလိုက် ထိန်းသိမ်းဖို့လည်း လိုအပ်နေသလို လယ်သမားတွေအနေနဲ့လည်း သွင်းအားစုလို့ခေါ်တဲ့ ဓါတ်မြေသြဇာတွေကို အပြည့်အဝ အသုံးပြုဖို့လိုအပ်နေပါတယ်။ သို့သော် လယ်သမားအများစုကတော့ ပြီးခဲ့တဲ့ ကာလတွေမှာ အရှုံးပေါ်နေကြတဲ့အတွက် စိုက်ပျိုးစာရိတ်တွေ သိပ်အသုံးမပြုနိုင်ကြပါဘူး။ အဲဒီအတွက် ထွက်ရှိလာတဲ့ စပါးတွေမှာလည်း အောင်မြင်မှု အပြည့်အဝသိပ်မရှိပါဘူး။ ဒါကြောင့် ကြိတ်ခွဲတဲ့ ဆန်စက်တွေအပိုင်းမှာ လိုအပ်ချက်ရှိသလို စပါးအနေနဲ့လည်း အောင်မြင်ဖို့လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်ကဆိုရင် မြန်မာနိုင်ငံ တင်ပို့လိုက်တဲ့ ဆန်တန်ချိန်ပေါင်း ၁ သောင်း ၈ ထောင်ဟာ စားသုံးဖို့ မသင့်တော်ဘူးဆိုပြီး အနောက်အာဖရိကတိုက်က ဆင်းရဲတဲ့ Ivory Coast နိုင်ငံကနေ အားလုံးဖျက်ဆီးလိုက်ပါတယ်။ အလားတူ အဲဒီ အနောက်အာဖရိကတိုက်ကပဲ Ghana, Guinea နဲ့ Togo စတဲ့ နိုင်ငံတွေကလည်း မြန်မာနိုင်ငံက တင်ပို့လိုက်တဲ့ ဆန်တွေဟာ အရည်အသွေး မပြည့်မီလို့ဆိုပြီး လက်မခံ ငြင်းပယ်ခဲ့ပါတယ်။