မြန်မာရွှေ့ပြောင်းကလေး စာသင်ကျောင်း ပိတ်ရတဲ့အကြောင်းရင်း အာဏာပိုင်တွေဖြေရှင်း

ထိုင်းနိုင်ငံမှာဖွင့်လှစ်ထားတဲ့ မေတ္တာရိပ် သင်ကြားရေး စင်တာ (ယခင်ပုံဟောင်း)

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင် ဘန်ကွန်းမြို့နယ်အတွင်းမှာဖွင့်ထားတဲ့ မြန်မာ ရွေ့ပြောင်းကလေးငယ်တွေရဲ့ မေတ္တာရိပ် သင်ကြားရေး စင်တာတွေကို ပိတ်ပစ်လိုက်တာဟာ ကျောင်းသူ ကျောင်းသားတွေကို ထိုင်း စာသင်ကျောင်းတွေကို ပို့ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို ပျက်ကွက်ခဲ့တဲ့အတွက် ဖြစ်တယ်ဆိုပြီး ဆူရတ်ဌာနီခရိုင် ပညာရေးဌာနက ပြန်လည် ဖြေရှင်းပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကစပြီး ဒီကျောင်းကို ပိတ်လိုက်တဲ့အတွက် မြန်မာ ကလေးငယ် ၂,၀၀၀ လောက် ကျောင်းတက်နေဆဲ အခြေအနေမှာ ပညာရေးတပိုင်းတစနဲ့ ရပ်ဆိုင်းလိုက်ရသလို၊ မြန်မာစာသင်တဲ့ တခြားစင်တာ ၅၀ လောက် အားလုံးကို ပိတ်ပစ်ဖို့ ဆူရတ်ဌာနီခရိုင် ပညာရေးဌာနက အမိန့်ထုတ်ထား ပါတယ်။

ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC) က အခုလို ရွေ့ပြောင်း ကလေးငယ်တွေရဲ့ ကျောင်းပိတ်ပစ်လိုက်တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်သလို ကလေးတွေ ဆက်ပြီး ပညာသင်ကြားနိုင်ခွင့်ရှိအောင် စီစဉ်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

မေတ္တာရိပ်သင်ကြားရေး စင်တာတွေဟာ တရားမဝင်ဖွင့်လှစ်ထားတာဖြစ်ပြီး ဒီစင်တာမှာသင်တဲ့ ကျောင်းသူ ကျောင်းသားတွေကို ထိုင်း ပုဂ္ဂလိကနဲ့ အစိုးရကျောင်း ၉၀၀ ကျော်မှာ သင်နိုင်အောင် ညှိနိုင်းပေးမယ်လို့လည်း ဆူရတ်ဌာနီခရိုင် ပညာရေးဌာ အကြီးအကဲ Chokdee Srathakan က ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားပါတယ်။

ပညာရေးစင်တာတွေမှာ မြန်မာသင်ရိုးညွှန်းတန်းတွေနဲ့ သင်နေတဲ့အတွက် ထိုင်းပညာရေးစနစ်နဲ့ ပေါင်းစပ်ဖို့ ခက်ခဲတဲ့အကြောင်းလည်း ဆူရတ်ဌာနီခရိုင် ပညာရေးဌာ အကြီးအကဲ Chokdee Srathakan က ပြန်လည် ရှင်းလင်းပါတယ်။

Your browser doesn’t support HTML5

မြန်မာရွှေ့ပြောင်းကလေး စာသင်ကျောင်း ပိတ်ရတဲ့အကြောင်းရင်း အာဏာပိုင်တွေဖြေရှင်း