အင်တာနက်ကနေ လျှို့ဝှက် အချက်အလက်တွေ ဖော်ထုတ်နေတဲ့ ဝီကီလိခ်စ် (WikiLeaks) ဝက်ဘ်ဆိုဒ်ကို ပေါက်ကြားခဲ့တဲ့ အမေရိကန် သံတမန်ကြေးနန်း တခုထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားတို့ကြား လက်နက် အရောင်းအဝယ် လုပ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။
အမေရိကန် သံတမန်တွေရဲ့ ဆက်သွယ်မှုတွေကို ဝီကီလိခ်စ် ဝက်ဘ်ဆိုဒ်က လူသိရှင်ကြား ဖော်ထုတ်နေရာမှာ နောက်ဆုံးအသုတ် ထုတ်ပြန်လိုက်တဲ့ ကြေးနန်းစာတွေထဲ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးကနေ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ဇူလိုင်လထဲမှာတုန်းက ပေးပို့တဲ့ ကြေးနန်းစာလည်း ပါဝင်လာတာပါ။
သမားရိုးကျ လက်နက်တွေရဖို့ ၂၀၀၉ ခုနှစ် ပထမ ၆ လအတွင်း အဲဒီအချိန်တုန်းက မြန်မာစစ်အစိုးရက မြောက်ကိုရီးယားကို ဆန်တန်ချိန် ၂၀,၀၀၀ လောက် တင်ပို့ပေးခဲ့ကြောင်း မှတ်တမ်းက ဖော်ပြထားပါတယ်။ ဒီလို အပြန်အလှန် ပေးပို့နေတာဟာ ၅ နှစ်လောက် ရှိနေပြီလို့လည်း ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တဦးကို ကိုးကားပြီး အမေရိကန်သံရုံးရဲ့ ကြေးနန်းက ဖော်ပြထားတာပါ။
မြောက်ကိုရီးယားဟာ အစားအစာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရပေမဲ့ လက်နက်ထုတ်လုပ်မှုတွေမှာတော့ ကျွမ်းကျင်တဲ့ တိုင်းပြည်တခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်အောင် မြောက်ကိုရီးယားက အကူအညီပေးကောင်း ပေးနိုင်တယ်လို့ အမေရိကန် သံတမန်တွေက အချိန်အတော်ကြာကတည်းက သံသယ ရှိနေကြတာပါ။ ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေကတော့ ဒါကို ငြင်းဆန်ထားတာ ဖြစ်ပါတယ်။