NLD နာယက ဦးဝင်းထိန် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ်အနှစ် ၂၀ 

အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) နာယက ဦးဝင်းထိန်

{{Zawgyi/Unicode}}

အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) နာယက ဦးဝင်းထိန်ကို နေပြည်တော်တရားရုံးတခုက ထောင်ဒဏ် အနှစ် ၂၀ ချလိုက်ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၁၂၄ - က နဲ့အမြင့်ဆုံးပြစ်ဒဏ် ချလိုက်တာပါ။ နေပြည်တော် သီးသန့်တရားရုံးမှာ အဂတိလိုက်စားမှုတွေနဲ့ တရားစွဲခံထားရတဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။ လာမယ့် ရုံးချိန်းကျရင် စစ်ကောင်စီဘက်က သက်သေထွက်ဆိုဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။ ဒီလိုနောက်ဆုံးရသတင်းတွေကို မဆုမွန်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကို နေပြည်တော် အထူးတရားရုံးတခုက နိုင် ငံတော်အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၁၂၄ - ကနဲ့ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ဒီပြစ်ဒဏ်အတွက် အယူခံတင်သွားမယ်လို့ ဦးဝင်းထိန်ရဲ့ ရှေ့နေက ဗီအိုအေကို ပြောပါတယ်။

“နေပြည်တော်အချုပ်ထောင်ထဲမှာ ဒက္ခိဏခရိုင်တရားရုံး အထူးခုံရုံးကနေ အန်ကယ်ထိန်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနဲ့ အနှစ် ၂၀ထောင်ဒဏ်ချပါတယ်။ ညနေ ၃ နာရီကပါ။ ကျနော်တို့ဘက်ကလည်း ပါတီမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ် နိုင်ငံရေးသမား၊ စာရေးဆရာအနေနဲ့ ကျနော်တို့ဥပဒေအရ ဥပဒေရဲ့ရှင်းလင်းချက်တွေ၊ ကင်းလွတ်ချက်တွေ၊ စီရင်ထုံးတွေအရ အစိုးရကို ဝေဖန်တာ၊ ထောက်ပြတာ၊ ထောက်ပြခွင့်ရှိတယ်ဆိုတဲ့ စီရင်ထုံးတွေအရ အကာအကွယ်ယူ ခုခံတယ်။ အဲဒီအတွက် ပြစ်ဒဏ်ချတာကို ကျနော်တို့ ကလည်း ဒီပြစ်ဒဏ်နဲ့ ပတ်သက်လို့ ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး အယူခံဆက်တက်မှာပါခင်ဗျ။”

ပုဒ်မ ၁၂၄-က နဲ့ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရမယ်လို့ အရင်က သတ်မှတ်ထားတာပါ။ ဒါပေမဲ့စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့က အဲဒီအမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို အနှစ် ၂၀ လို့ ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးဝင်းထိန်ကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ သတင်းဌာနတချိုနဲ့တွေ့ဆုံပြီး “ပြည်သူသို့ပန်ကြားချက်” ဆိုပြီး ပြောခဲ့တာက နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲခဲ့တာပါ။ စစ်တပ်အာဏာသိမ်းတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးလို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာက နိုင်ငံတော်အာဏာယူထားတဲ့ ပါတီကြီးရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေပေါ် တာဝန်ယူ ပြောဆိုတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ ဦးဝင်းထိန်ဘက်က ထွက်ဆိုခဲ့ပါတယ်။ အသက် ၈၀ ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေ ခံစားနေရသူဖြစ်ပါတယ်။ လက်ရှိကျန်းမာရေးအခြေအနေနဲ့ အမိန့်ချတဲ့အပေါ် ဦးဝင်းထိန်အခြေအနေနဲ့ပတ်သတ်လို့ သူ့ရှေ့နေကခုလိုပြောပြပါတယ်။

“အန်ကယ်ကျန်းမာရေးကောင်းတယ်။ သူ့စကားအရပြောရရင်တော့ အသက် ၈၀ အရွယ်တန်း ရှိသင့်တဲ့ ကျန်းမာရေးရှိတယ်လို့ပြောပါတယ်။ အန်ကယ်က ယုံကြည်ချက်ခံယူချက်နဲ့ သူကဒီအမှုစတင်ကတည်းကချမှတ်ချင် ချလိုက်လို့ပြောထားတယ်။ ဒီ ၁၂၄-က က မူလက ၇ နှစ်ပဲရှိတယ်။ ပြင်လိုက်တော့ အနှစ် ၂၀။ သူကတော့ အနှစ်၂၀ ချမယ်လို့ သူ့ကိုယ်သူကြိုမျှော်လင့်ထားတယ်။ အဲဒီအတွက် သူ့မှာခံနိုင်ရည်ရှိပါတယ်။ အဲဒီအတွက် သူကတော့ ပေါ့ပေါ့ပါးပါးပြောပါတယ်။”

လက်ရှိ နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားတဲ့ ဦးဝင်းထိန်ကို နှစ်ရှည် ထောင်ဒဏ်အမိန့်ချလိုက်ပြီမို့ တခြားထောင်ကိုပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သူ့ရှေ့နေကပြောပါတယ်။ ဘယ်ထောင်ပြောင်းမလဲဆိုတာတော့ မသိရသေးပါဘူး။

ဦးဝင်းထိန်လိုပဲ စစ်ကောင်စီက အမှုတွေဖွင့်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု အမှု ၄ မှုကို ဒီနေ့ အောက်တိုဘာ ၂၉ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ ကြားနာခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လုပ်တဲ့ လရောင်တော စီမံကိန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ဖို့ အယ်လ်ပုံစံ အိမ်ဆောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို အဂတိလိုက်စားမှု ပုဒ်မ ၅၅ နဲ့ စွပ်စွဲထားသလိုလရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် နေပြည်တော် ပြည်နယ် ၂ ခုမှာ မြေနေရာတွေ လျှောက်ထားတဲ့နေရာမှာလည်း လုပ်ထုံးလုပ်နည်းနဲ့ ဆောင် ရွက်ခြင်းမရှိဘဲ ရာထူးအရှိန်အဝါသုံးခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရလက်ထက် နေပြည်တော်က တာဝန်ရှိသူတွေနဲ့ ပူးတွဲအမှုတွေ ဖွင့်ထားပါတယ်။

အဲဒီလရောင်တောစီမံကိန်းမှာ သတ်မှတ်ထားတဲ့ လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းဖျောက်ဖျက် ကျူးလွန်မှုနဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူတို့နဲ့ ပူးတွဲစွဲဆိုထားတဲ့ အမှု၊ မြေလျှောက်ထားမှုနဲ့ပဲ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့နဲ့ ပူးတွဲစွဲဆိုထားတဲ့အမှု ဒီ ၃ မှုကို ဒီကနေ့စစ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးရေးမှူး ဦးရဲထက်ကို ပြန်လှန်မေးခွန်းတွေစစ်မေးတာ အပြင် တရားလိုဘက်က တင်သွင်းလာတဲ့ တရားလိုပြသက်သေ နေပြည်တော်စည်ပင် ဌာနမှူးဟောင်း ဦးစိုးနိုင်ကို အဓိက စစ်မေးတာတွေလုပ်ခဲ့တယ်လို့ နေပြည်တော်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ အဲဒီအမှုတွေအတွက် ရုံးချိန်းကို နောက်တစ်ပတ် သောကြာနေ့ နိုဝင်ဘာ ၅ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။ အဲဒီရုံးချိန်းကျရင် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်က စစ်ကောင်စီသက်သေအဖြစ် လာရောက်ထွက်ဆိုလိမ့်မယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကို မီဒီယာတွေကို မဖြေကြားဖို့ ပုဒ်မ ၁၄၄ အမိန့်နဲ့စစ်ကောင်စီဘက်က တားမြစ်ထားတာမို့ အမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရပါဘူး။

Your browser doesn’t support HTML5

NLD နာယက ဦးဝင်းထိန် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ်အနှစ် ၂၀


=======

{{Unicode}}













=======