Omicron မျိုးကွဲသစ် မြန်မာနိုင်ငံထဲ ကာကွယ်ရေး 

  • ဝင်းမင်း

ကိုဗစ်ကပ်ရောဂါပိုးရှိမရှိ စစ်ဆေးနေစဉ်

Your browser doesn’t support HTML5

Omicron မျိုးကွဲသစ် မြန်မာနိုင်ငံထဲ ကာကွယ်ရေး

ကိုဗစ်-19 မျိုးကွဲသစ် Omicron ကို မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ပိုပြီးစတွေ့လာနေရချိန်မှာ အခြားနိုင်ငံတွေမှာလို ကူးစက်မူ မမြန်လွန်းစေအောင် ကြိုတင်ကာကွယ်နိုင်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။

ပြည်ပကနေ ပြန်လည်ဝင်လာသူတွေကတဆင့် ပြည်တွင်းက လူအနည်းငယ်ကိုပါ ကိုဗစ်မျိုးကွဲသစ် စတင်ကူးလာချိန်မှာ ကျောင်းတကျောင်းမှာလည်း အစုလိုက် စကူးဆက်လာတာမို့ ကာကွယ်ရေးတွေကို ပိုအလေးအနက် လုပ်ဖို့ လိုလာပါပြီ။ အကြောင်းက ဒီ Omicron မျိုးကွဲသစ်က အရင်ရှိခဲ့တဲ့ အခြားမျိုးကွဲတွေထက် ကူးစက်နှုန်း အများကြီး ပိုမြန်နေတာကို ကမ္ဘာတဝှမ်းမှာ တွေ့ရှိထားတာမို့ မြန်မာနိုင်ငံမှာလည်း အမြန်အများကြီးပျံ့သွားမှာကို အထူးစိုးရိမ်ရလို့ပါ။ ဒါကြောင့် 3C လို့ အတိုခေါက်ခေါ်တဲ့ Closed Spaces (အလုံပိတ်နေရာတွေ)၊ Crowded Places (လူတွေများတဲ့နေရာတွေ) နဲ့ Close-Contact (လူချင်းအနီးကပ်) တွေကို ရှောင်ရှားဖို့၊ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းအကြံပြုထားပါတယ်။

လူချင်းမနီးကပ်အောင် (၆) ပေ ခွာနေတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) အသေအချာတပ်တာ၊ လက်တွေကို ပုံမှန် ဆေးကြောတာတွေကိုလည်း အရင်လို ပြန်ပြီးတော့ အလေးအနက်လုပ်တာတွေအပြင်၊ ကိုဗစ်ရောဂါ သံသယလက္ခဏာတွေ ပေါ်လာလျှင်လည်း ဖြစ်နိုင်လျှင် ဆေးစစ်ပြီး ရောဂါပိုးရှိပါက လူချင်းခွဲနေသင့်ပါတယ်။ဒါပေမယ့် ဆေးစစ်ဖို့ အခက်အခဲရှိလျှင်တော့ အနီးနားက ကိုဗစ်ဖြစ်ထားသူနဲ့ ထိတွေ့မိထားပြီး ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ နှာချေတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ ကိုယ်ပူလာတာတွေ ဖြစ်လာတာနဲ့ ကြိုကာကွယ်ဖို့ စတင်ခွဲနေသင့်ပါတယ်။ဒါ့အပြင် ချောင်ဆိုးချိန်မှာ တခြားသူတွေဆီ မကူးစေအောင်၊ Tissue စက္ကူ (သို့မဟုတ်) လက်၊ တံတောင်ကွေးနဲ့ကာပြီး ဆိုးသင့်ပါတယ်။

ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို အသေအချာတပ်ရာမှာလည်း N95 နဲ့ KN95 အမျိုးအစား Mask တွေက၊ ပိုကူးစက်မြန်တဲ့ Omicron အတွက် ပိုလုံပြီးအကာအကွယ်ကောင်းပေမယ့် လက်တွေ့မှာ ဝယ်ရခက်နိုင်ပါတယ်။ဒီနေရာမှာ အဝတ် Mask သုံးလျှင်တော့ အထပ်ထပ် အဝတ်ကာထားတာမျိုးကိုသာ သုံးသင့်ပြီး အဝတ် Mask ထက်ပိုကောင်းတဲ့ Surgical Mask (ပုံမှန် ဝယ်သုံးနိုင်တဲ့ အဖြူတဖက် အပြာနုတဖက်) သုံးလျှင်လည်း အနည်းဆုံး (၃) ထပ်ပါတာကိုသာ သုံးကာ နှာခေါင်းအပေါ်ကနေ လေမဝင်နိုင်ရေး ပြားနေအောင်ဖိပြီး အောက်ပိုင်းကိုလည်း မေးစေ့အောက်ကနေ လေမဝင်အောင်အထိ ဆွဲချပိတ်ထားကာဖို့လိုပါတယ်။ ကိုယ့်မျက်နှာနဲ့တော်တဲ့ Mask တပ်ဖို့၊ အသက်ရူလည်း မကြပ်စေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ရနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေး ဆက်ထိုးထားကြဖို့လည်း အရေးကြီးပါတယ်။ အမေရိကန်မှာတော့ ကာကွယ်ဆေးထိုးထားသူတွေလည်း ကူးစက်ခံရပေမယ့် ရောဂါအခံရှိထားပြီး ဆေးရုံတက်ရလျှင်တောင် ပြင်းထန်တာ၊ အသက်ဆုံးရတာတွေကို သိပ်မတွေ့ရသေးဘဲ ကာကွယ်ဆေး မထိုးထားသူတွေမှာသာ ပြင်းထန်ပြီး အသက်ဆုံးရူံးရတာ အတွေ့များလာနေပါတယ်။

Omicron မျိုးကွဲသစ် ကူးစက်တာမြန်ရတာကလည်း အရင်တခြားမျိုးကွဲတွေထက် ရောဂါပျိုးချိန် ပိုတိုတောင်းပြီး ရောဂါပေါ်တာ မြန်သွားတာကြောင့်လို့ နောက်ဆုံး တွေ့ရှိထားပါတယ်။ အရင်မျိုးကွဲတွေက ရောဂါပျိုးချိန် တပတ်အထိ ကြာခဲ့ပေမယ့် အခုက (၃) ရက်ကနေ (၅) ရက်အတွင်းသာရှိတာ တွေ့လာတာမို့ Omicron ပိုး ရှိသူနဲ့ ထိတွေ့ပြီး (၃) ရက်ကနေ (၅) ရက်အတွင်း ရောဂါလက္ခဏာပေါ်လာနိုင်ပါတယ်။ဒါကြောင့် ဒီပိုးရှိသူနဲ့ ထိတွေ့ပြီး (၆) ရက်ကျော်အထိ ရောဂါလက္ခဏာ မပေါ်လာလျှင်တော့ ကူးစက်ခံရခြေ နည်းသွားပါတယ်။ အလားတူ ဒီပိုးကူးစက်ခံရပြီးပါကလည်း ရောဂါလက္ခဏာစပေါ်ပြီး ဒုတိယမြောက်နေ့ကနေ စရေတွက်တဲ့ (၅) ရက်အတွင်း ရောဂါလက္ခဏာ ဆက်မပြတော့လျှင် (အဖျားကျဆေးလည်း မသောက်ထားလျှင်) သီးသန့်ခွဲနေတာကနေ ပြန်ထွက်နိုင်ပေမယ့် Mask (ပါးစပ်နဲ့နှာခေါင်းစည်း) ကိုတော့ နောက်ထပ် (၅) ရက်ခန့် ဆက်တပ်ထားဖို့ အမေရိကန် CDC က အကြံပြုထားပါသေးတယ်။ ဒါပေမဲ့ အခုလို (၅) ရက်အပြီး ရောဂါလက္ခဏာ ဆက်ရှိနေလျှင်တော့ ဆက်ပြီးတော့ သီးသန့်ခွဲနေဖို့ လိုပါသေးတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မေရီလန်းပြည်နယ် Frederick Health ဆေးရုံက ကူးစက်ရောဂါအထူးကု ဒေါက်တာခိုင်ဇင်ဆန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

=======Unicode=======










==========