အွန်လိုင်း ကာတွန်းဇာတ်လမ်းတွဲတွေ ရေးနေတဲ့ မဟယ်လာရီဆန်း

အသက် ၁၉နှစ်အရွယ် လူငယ်ကာတွန်းဆရာမ ဟယ်လာရီဆန်း

အင်တာနက်အွန်လိုင်း ကာတွန်းဝက်ဆိုက် Webtoon မှာ ကာတွန်းတွေ အပျော်တမ်း ရေးခဲ့ရာကနေ လူအများ သတိပြုမိပြီး အယ်ဒီတာကပါ ကမ်းလှမ်းလို့ အခုဆိုရင် “To tame a fire” မီးတစ ငြှိမ်းသက်ခြင်း ဆိုတဲ့ နာမည်နဲ့ ကာတွန်းဇာတ်လမ်းတွဲ episode ပေါင်း ၅၀ ကျော် ရေးပြီးပြီလို့ အသက် ၁၉ နှစ်သာရှိသေးတဲ့ မဟယ်လာရီဆန်းက ပြောပါတယ်။ အွန်လိုင်းပရိသတ် ၁၀ သန်း ကျော်ရှိပြီး ကာတွန်း ဇာတ်လမ်းတွဲတွေ ဆက်တိုက် ရေးသွားဖို့ ကြိုးစားနေတဲ့ မဟယ်လာရီဆန်းဟာ အမေရိကန်ထောင်စုမှာ မြန်မာမိဘနှစ်ပါးက မွေးဖွားလာခဲ့တဲ့သူပါ။ လူငယ်ကာတွန်းဆရာမ ဟယ်လာရီဆန်းကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

ခင်ဖြူထွေး။ ။Webtoon ဆိုတဲ့ အွန်လိုင်း ကာတွန်း ဝက်ဘ်ဆိုက်မှာ ကာတွန်းတွေ ဆွဲနေတာ အခုဆိုရင် episode ၅၀ ကျော် ဆွဲပြီးပြီလို့ သိရပါတယ်။ follower တွေလည်း ၁၀ သန်းကျော် ရှိတယ်ဆိုတော့ ဒီအသက်အရွယ်မှာ အတိုင်းအတာတခု အထိ နေရာ ရလာတဲ့ ကာတွန်းဆရာမ တယောက်လို့ ပြောလို့မယ် ထင်ပါတယ်။ ဒီလို အခြေအနေ ရောက်အောင် ဘယ်လို ကြိုးစားခဲ့ရပါလဲ။

ဟယ်လာရီဆန်း။ ။ “ဟုတ်ကဲ့။ အရင်တုန်းကတော့ အွန်လိုင်း လူမှုကွန်ရက်မှာ ကိုယ့်ကာတွန်းတွေကို သတိထား လိုက်ဖတ်တဲ့ follower ဆိုတာ အနည်းအကျဉ်းလေးပဲ ရှိတာပါ။ အဲ့ဒီမှာ ကိုယ့်ဖာသာ ကာတွန်းဇာတ်လမ်းတွေ စီးရီးလိုက် ဆွဲပြီး ဒီလိုပဲ တင်နေရင်းနဲ့ နောက်တော့ တဖြည်းဖြည်း လူတွေ ပို သတိထားမိလားပြီး ပိုဖတ်လာကြပါတယ်။ ဖတ်တဲ့သူတွေရော၊ အပြန်အလှန် မှတ်ချက်ရေးကြ ပြောကြသူတွေလည်း ပိုများလာတော့ လူတွေလည်း ပို ပိုပြီး သိလာကြပါတယ်။ အဲ့လိုနဲ့ပဲ နောက်ဆုံးမှာ Webtoon က ကျမကို ဆက်သွယ် လာတာပါပဲ။”

ခင်ဖြူထွေး။ ။ဆိုတော့ ဆိုလိုတာက စ ဆွဲတုန်းကတော့ ဝါသနာအရ ကိုယ့်ဖာသာ အပျော်ဆွဲတယ်ပေါ့။ အဲ့ဒီလို အပျော်ဆွဲရင်းနဲ့ Webtoon က ကိုယ့်ကို တွေ့သွားပြီးတော့ သူတို့ဆီမှာ ကာတွန်းဇာတ်လမ်းတွေ အတွဲလိုက် စီးရီးလိုက် ဆွဲဖို့ ကမ်းလှမ်းတာပေါ့။ အဲ့ဒီလို ပြောတာလို့ ထင်ပါတယ်။ ဆိုတော့ အခုဆိုရင် Webtoon အွန်လိုင်း ဝက်ဘ်ဆိုက်မှာ ကာတွန်းတွေကိုလည်း အလုပ်တခု အနေနဲ့ စပြီး ဆွဲနေတာလည်း သိရတယ်လေ။ ဒီလို အောင်အောင်မြင်မြင် ဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ကြိုးပမ်း အားထုတ်မှု၊ ဒီလိုအခြေအနေ ရောက်လာဖို့ လွယ်လွယ်ကူကူပဲ ရခဲ့တာလား။ အခက်အခဲတွေရော ရှိခဲ့လား။

ဟယ်လာရီဆန်း။ ။“ဒီလိုဆွဲတာကို စခဲ့တာကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပါ။ ကိုဗစ် ကပ်ဘေးစတဲ့အချိန်မှာပါ။ ကိုဗစ်တွေ ဖြစ်တဲ့အချိန်မှာ တခြားလုပ်စရာလည်း သိပ်မရှိတော့ ကာတွန်းဇာတ်လမ်းတွေပဲ ထိုင်ရေးဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ အကောင်းဆုံး ဖြတ်သန်းနည်းလို့ ထင်ပါတယ်။ အခုရေးနေတဲ့ ဇာတ်လမ်းတွဲ မတိုင်ခင်တုန်းက တခြား ဇာတ်လမ်း ၃ ပုဒ်လောက် ရေးခဲ့ပါသေးတယ်။ အခု ဇာတ်လမ်းနဲ့ လုံး၀ မတူတဲ့ ဇာတ်လမ်းတွေပါ။ အဲ့ဒါတွေ တခုမှ စိတ်ကြိုက်မဖြစ်ခဲ့ပါဘူး။ အဲ့ဒီ ဇာတ်လမ်း ၃ ခုလုံးကို လွှတ်ပစ်လိုက်ပြီး အခု ဇာတ်လမ်းကို စရေး ဖြစ်တာပါ။ ပြီးတော့ အွန်လိုင်းမှာ ကိုယ့်ဖာသာပဲ တင်လိုက်တယ်။ နောက်တော့ ဖတ်တဲ့သူတွေ ပိုမိုများလာပြီး လူတွေ သတိထားမိသွားတော့ Webtoon အယ်ဒီတာက ကျမကို ဆက်သွယ်လာပြီး အတူလက်တွဲလုပ်ဖို့ ကမ်းလှမ်းလာတာပါပဲ။”

လူငယ်ကာတွန်းဆရာမ ဟယ်လာရီဆန်း ရေးဆွဲတဲ့ “To tame a fire” မီးတစ ငြှိမ်းသက်ခြင်း ကာတွန်းစီးရီးကို Webtoon ဝက်ဆိုဒ်စာမျက်နှာမှာတွေ့ရစဉ်

ခင်ဖြူထွေး။ ။ဒါဆို အခု ကုမ္ပဏီနဲ့ လက်တွဲ လုပ်ဖြစ်တာက ၃ နှစ်လောက် ရှိသွားပြီလို့ ပြောလို့ရလား။ အလုပ်တခုအနေနဲ့ စလုပ်ဖြစ်တဲ့အချိန်ပေါ့။

ဟယ်လာရီဆန်း။ ။ ဟုတ်။

ခင်ဖြူထွေး။ ။ အခု ရေးနေတာ အပိုင်း ၅၀ ကျော်ပြီလို့လည်း သိရတယ်။ ဘယ်လောက်အထိ ဆက် ဆွဲသွားမှာလဲ။ ပြီးရင်ရော ဒီအလုပ်ကို ဆက်လုပ်သွားဦးမှာလား။ ဘယ်လို လုပ်သွားမှာလဲ ဆိုတာ ပြောပြပေးပါလား။

ဟယ်လာရီဆန်း။ ။“ဒီဇာတ်လမ်းတွဲမှာတော့ အပိုင်း ၈၀ ဆွဲပါမယ်။ ဒါပြီးရင် နောက်ဆက်တွဲ ဇာတ်လမ်းတွဲ နောက် ၂ ခု ထပ် ဆွဲပါမယ်။ အပိုင်းလိုက်ဆိုရင်တော့ နောက်ထပ် episode ၁၅၀ ကနေ ၂၀၀ လောက်အထိ ဖြစ်သွားမှာပေါ့။ အဲ့လောက် ဆွဲဖြစ်မယ်ထင်ပါတယ်။”

ခင်ဖြူထွေး။ ။ ဆိုတော့ အခုဆွဲနေတဲ့ “To Tame a Fire” ဆိုတဲ့ နာမည်နဲ့ပဲ နောက်ထပ် ဇာတ်လမ်းတွဲတွေ ဆက် လုပ်သွားမှာပေါ့။

ဟယ်လာရီဆန်း။ ။ ဟုတ်ကဲ့။

ခင်ဖြူထွေး။ ။ ဆိုတော့ ပန်းချီဆွဲတာကို ငယ်ငယ်ကတည်းက ဝါသနာ ပါခဲ့တာလား။ ကာတွန်းပန်းချီ ဆွဲတယ်ဆိုတာတောင်မှ အခုလို အွန်လိုင်းမှာ ဆွဲတာနဲ့ လက်နဲ့ဆွဲတာနဲ့ မတူဘူးလေ။ ဆိုတော့ ခုလိုဆွဲတာမျိုးက ဘယ်အချိန်မှာ စပြီး ကိုယ်နဲ့ အကျွမ်းတဝင် ဖြစ်ခဲ့တာလဲ။

ဟယ်လာရီဆန်း။ ။“ငယ်ငယ် ကတည်းက စပြောရရင်တော့ ၄ နှစ်သမီး အရွယ်ကတည်းက ရိုးရိုးပန်းချီတွေ အများကြီး စဆွဲခဲ့တာပါ။ နောက်ပိုင်းကျမှ ကျမ စောစောက ပြောသလိုပေါ့။ အထူးသဖြင့် ကိုဗစ်တွေ ဖြစ်တော့ ကာတွန်းတွေပဲ ရေးတော့မယ်လို့ ဆုံးဖြတ်ပြီး ကာတွန်းဇာတ်လမ်းတွေ စဆွဲဖြစ်လာခဲ့တာပါပဲ။”

ခင်ဖြူထွေး။ ။ အခုက အထက်တန်းကျောင်း ပြီးပြီလို့ ထင်ပါတယ်။ အထက်တန်းပြီးတော့ တက္ကသိုလ်ကျောင်းရော ဆက်တက်နေပြီလား။ ဘယ်နှစ်ကို ရောက်နေပြီလဲ။

ဟယ်လာရီဆန်း။ ။“တက္ကသိုလ် ပထမနှစ် ပြီးပါပြီ။ ဒါပေမဲ့ နွေရာသီကျောင်းပိတ်ရက် ပြီးလို့ ကျောင်းပြန်တက်မယ့်အချိန်မှာ အခုဆွဲနေတဲ့ ဇာတ်လမ်းတွဲက အချိန်ပေးရတော့ ကျောင်းကနေ ယာယီ ခဏနားပြီး ဒီဇာတ်လမ်းတွဲ ပြီးအောင် ဆွဲနေပါတယ်။ အချိန် အများကြီး ပေးရတော့ ကျောင်းနဲ့ အလုပ် တပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျောင်းခဏနားလိုက်တာပါ။”

ခင်ဖြူထွေး။ ။ ကျောင်းတက်နေတဲ့ ဘာသာရပ်ကတော့ ဒီကာတွန်းပညာရပ်နဲ့ ဆက်စပ်လား။

ဟယ်လာရီဆန်း။ ။“နည်းနည်းလေးပဲ ဆက်စပ်တယ်လို့ ပြောရမှာပါ။ အခု တက်နေတာက Graphic Design ဘာသာရပ်ပါ။ ဒါပေမဲ့ ကျမ သိပ် စိတ်မဝင်စားသလို အခု လုပ်နေတာနဲ့လည်း အများကြီး ဆက်စပ်မနေပါဘူး။ ဆိုတော့ ကျောင်းပြန် တက်ရင်တော့ တခြား ဘာသာရပ်တခု ပြောင်းယူမှာပါ။”

လူငယ်ကာတွန်းဆရာမ ဟယ်လာရီဆန်း ရေးဆွဲတဲ့ “To tame a fire” မီးတစ ငြှိမ်းသက်ခြင်း ကာတွန်းစီးရီးထဲက ဇာတ်ကောင်တဦး

ခင်ဖြူထွေး။ ။ ဆိုတော့ အခုက ကျောင်း တနှစ်နားထားတာပေါ့လေ။ ပြီးရင်ရော ကာတွန်းဆွဲတာကို ဦးစားပေးမှာလား။ ကာတွန်းဆွဲတာနဲ့ ကျောင်းနဲ့ ဘယ်ဟာက လောလောဆယ် ကိုယ့်အတွက် ပိုအရေးကြီးလဲ။

ဟယ်လာရီဆန်း။ ။“လောလောဆယ် ကတော့ ဒီ ကာတွန်းဆွဲတာက ကျမ အတွက် ပိုပြီး ဦးစားပေးလုပ်ချင်တဲ့အရာ ပါပဲ။ ဒီဇာတ်လမ်းတွဲ ပြီးရင် ဘယ်လို အခြေအနေ ဆက်ဖြစ်မလဲ ဆိုတာ ကြည့်ပါမယ်။ ကျောင်းပြန်တက်ချင်စိတ် ဖြစ်ရင်လည်း တက်ပါမယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲကိုတော့ ပြီးအောင် ရေးချင်ပါတယ်။”

ခင်ဖြူထွေး။ ။ ဒီကာတွန်းတွေ ဆွဲတဲ့အနုပညာနဲ့ ပတ်သက်လို့ ကိုယ့်ဘဝကို ဘယ်လောက်အထိ ရည်မှန်းထားလဲ။ ဒီအလုပ်ကို လုပ်ဖို့အတွက်ပေါ့။

ဟယ်လာရီဆန်း။ ။“ဒီဇာတ်လမ်းတွဲ ပြီးရင် နောက်ထပ် ဇာတ်လမ်းတွဲတွေ ဆက်ရေးသွားဆွဲသွားဖို့ စဉ်းစားထားသလို၊ စပြီးတော့လည်း လုပ်နေတာတွေ ရှိပါတယ်။ ဆိုတော့ အခုလက်ရှိ ဇာတ်လမ်းတွဲပြီးတာနဲ့ နောက်ထပ် ဇာတ်လမ်းတွဲတွေ ဆက်တိုက် ရေးသွားမှာပါ။”

ဟယ်လာရီဆန်း။ ။“ကိုယ့် ပရိသတ်တွေနဲ့ ပိုပြီး ထိစပ်နေ နိုင်အောင် ပို ပို ကြိုးစားသွားမှာပါ။ ဒီနည်းနဲ့ ပရိသတ်တွေ ပိုများလာအောင် လုပ်ပြီး ကိုယ့်ကို လူတွေ ပိုသိလာအောင် လုပ်သွားပါမယ်။ နောက်ဆုံး ရည်ရွယ်တာကတော့ ဒီဇာတ်လမ်းတွဲကို အကောင်းဆုံး အရည်အသွေးနဲ့ ပြီးအောင် ရေးသွားဖို့ပါပဲ။ ရေရှည်အတွက် အန္တိမရည်မှန်းချက်ကတော့ ကျမရဲ့ ဇာတ်လမ်းတွဲကို animation ရုပ်ရှင်တခု ဖန်တီးနိုင်တဲ့အထိ ကြိုးပမ်းသွားဖို့နဲ့ ကာတွန်းဇာတ်လမ်းတွေ ဆက်ရေးသွားဖို့ပါ။ ဒါ ကျမရဲ့ ရေရှည် ရည်မှန်းချက်ပါ။”

ခင်ဖြူထွေး။ ။ ဒီလို ကာတွန်းဇာတ်လမ်းတွေ ဆွဲတာ စိတ်ဝင်စားတဲ့ မြန်မာ လူငယ်တွေ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ကိုယ်က အခုချိန်မှာ Webtoon ကာတွန်းဝက်ဆိုက်မှာ နေရာ တခု ရထားပြီဆိုတော့ ကိုယ့်လိုပဲ ဝါသနာရှိတဲ့သူတွေ စိတ်ဝင်စားသူတွေ ဒီလို လမ်းဖောက်နိုင်အောင် သူတို့ကို ဘာများ အကြံဉာဏ်ပေးနိုင်မလဲ။

ဟယ်လာရီဆန်း။ ။“အလုပ်ကြိုးစားဖို့၊ ကိုယ့်အလုပ်နဲ့ ကိုယ့်ကိုယ်ကိုမှာပဲ အာရုံစိုက်ဖို့ အားပေးချင်ပါတယ်။ ကိုယ့်ကို ခွန်အားမဖြစ်စေမယ့် မှတ်ချက် စကားတွေကို မကြည့်ပါနဲ့။ အနုပညာရှင် တယောက် တကယ် ဖြစ်ချင်တယ်ဆိုရင် ဒါကို ဆက်လုပ်နေရပါမယ်။ ဇွဲမလျှော့ပါနဲ့။ အဲ့လို ဆက်လုပ်နေ မှသာ တနေ့ အောင်မြင်တဲ့ အနုပညာရှင် တယောက် ဖြစ်လာမှာပါ။ ကိုယ်လုပ်ချင်တဲ့ အလုပ်တခုကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရင် အဲ့ဒီလို ကြိုးစားရတဲ့ အကျိုးကို ပြန်ခံစားရပါလိမ့်မယ်။”

Your browser doesn’t support HTML5

အွန်လိုင်းကာတွန်းဇာတ်လမ်းတွဲတွေ ရေးနေတဲ့ မဟယ်လာရီဆန်း