စစ်ကိုင်းတိုင်း ဆန္ဒပြအလုပ်သမားအရေး ပြေလည်မှုမရ

စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန် Myanmar Veener Plywood Private Co Ltd သစ်အချောထည်စက်ရုံမှာ အလုပ်သမားဝန်ထမ်း ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂ လခန့်က အလုပ်ရုံပိုင်ရှင်က ထုပ်ပစ်ခဲ့တာကြောင့် မေလ ၃ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း စက်မှုဇုန်ခန်းမမှာ အလုပ်ရှင်အလုပ်သမားနဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ညနေ ၅ နာရီကျော်ကနေ စတင် ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်ပြီးတဲ့နောက် အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားဝန်ကြီးဌာန ၃ ပွင့်ဆိုင် ဆွေးနွေးပွဲကို စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်မှာ မေလ ၃ ရက်နေ့ ညနေပိုင်းကနေ စတင် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အလုပ်ရှင်ဘက်က ဘာကြောင့် အလုပ်ထုတ်ပစ်ခဲ့တယ် ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ပေမဲ့ အလုပ်သမားတွေဘက်ကတော့ ဒါဟာ မတရားစွဲဆိုချက် ဖြစ်တယ်ဆိုပြီး သက်သေနဲ့ ချေပဖို့ ပြောဆိုခဲ့ရာကနေ ဆွေးနွေးပွဲပျက်ခဲ့ရတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုနှင်းအောင် က ပြောပါတယ်။

“သူတို့က ကျနော်တို့ကို တိုင်းခုံသမာဓိကနေပြီးတော့ အမိန့်ချထားတာရှိတယ်လေ။ တိုင်းခုံသမာဓိရဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်လဲဆိုတော့ ဒီအလုပ်သမားအားလုံးကို အလုပ်ပြန်ခန့်လိုက်ပါ။ သို့သော် ဝန်ခံကတိ ၃ ကြိမ်နဲ့ ၃ ကြိမ်အထက် ရှိတဲ့သူတွေကိုတော့ လျော်ကြေးပေး အလုပ်ထုတ်စေဆိုပြီးတော့ အမိန့်ချထားတာ ရှိတယ်ဗျ။ ကျနော်တို့က ဒီကနေ့ ဆွေးနွေးညှိနှိုင်းပွဲမှာ ခေါင်းဆောင်တွေပြောခဲ့တာက ဥပဒေအရဆိုလို့ရှိရင် ဝန်ခံကတိ ၃ ကြိမ်ဆိုလို့ရှိရင် လျော်ကြေးတပြားမှ မယူဘူး။ အကုန် အလုပ်ထွက်သွားမယ်ဆိုပြီးတော့ ပြောလိုက်တယ်။ အဲဒီကျတော့ ဝန်ကြီးတွေက လက်ခံတယ်ပေါ့။ အဲဒီအလုပ်ရှင်ကကျတော့ အဲဒီဝန်ခံကတိနဲ့ ပတ်သက်လို့ ဘယ်သူစစ်ဆေးပေးမလဲဆိုပြီးတော့ ဝန်ကြီးကို တောင်းဆိုလိုက်တဲ့အချိန်မှာ ဝန်ကြီးက အလုပ်ရှင်ကို ပြန်တောင်းဆိုတဲ့အချိန်မှာ အလုပ်ရှင်ဘက်က ချပြနိုင်ခြင်း မရှိဘူး။ ဘာလို့ဆိုတော့ ပထမ အထွေထွေမြို့နယ် ညှိနှိုှုင်းဖြန်ဖြေမရတော့ တိုင်းခုံသမာဓိကို ရောက်သွားတာပေါ့။ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှာလည်း မိတ္တူကျန်ခဲ့လားဆိုတော့ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးကလည်း မရှိပါဘူးတဲ့။ အဲဒီ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးကနေ တိုင်းခုံသမာဓိရောက်သွားတော့ တိုင်းခုံသမာဓိကလည်း ရှိသေးလားလို့ မေးလိုက်တဲ့အခါမှာ ညွှန်မှူးတွေက မေးလိုက်တဲ့အခါမှာ တိုင်းခုံသမာဓိကလည်း မရှိပါဘူးတဲ့။ မရှိတော့ အဲဒီမှာ သူတို့ရဲ့ စွပ်စွဲချက်က အမှားဆိုတာ လုံး၀ သက်သေ ပေါ်လွင်သွားတယ်ပေါ့။ အဲဒီ ကောင်စီအမိန့်ကိုပဲ ကျနော်တို့ စောင့်ပါတယ်တော့မယ်ဆိုပြီး အလုပ်ရှင်က ပြောတယ်။ ပြီးတော့ အလုပ်ရှင်ဘက်က စွပ်စွဲတာပေါ့။ ၃ ကြိမ်လုံး ချိုးဖောက်လို့ ဒီအလုပ်သမားတွေကို အလုပ်ထုတ်ပစ်လိုက်တာဆိုပြီး။ အဲဒီကောင်စီအမိန့်ကိုပဲ ကျနော်တို့ စောင့်ပါတော့မယ်ဆိုပြီး အလုပ်ရှင်က ပြောတယ်။”

အလုပ်ရှင်ကတော့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေကပါ ၂ လကြာတဲ့အထိ ဖြေရှင်းပေးမှု မရှိတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကုန်က စတင်ပြီး ချီတက်လာကြရာမှာ မေလ ၃ ရက်နေ့မှာတော့ ကူမဲမြို့ကို ဝင်ရောက်လာနေကြပြီ ဖြစ်ပါတယ်။ ကူမဲမြို့အဝင်မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေက တားဆီးခဲ့ပေမဲ့ အလုပ်သမားသပိတ်ကတော့ ရပ်နားတာမျိုး မရှိခဲ့ပါဘူး။ ကူမဲဘုန်းကြီးကျောင်းများကိုလည်း ဖိအားပေးထားတဲ့အတွက် တည်းခိုခွင့်မရတာကြောင့် ကူမဲသချုႋင်းဇရပ်များမှာ အိပ်စက်နေကြရပါတယ်။

ဒီအလုပ်သမားသပိတ်ဟာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းခွင်မှာ အလုပ်ပြန်လည်ရရှိရေးနဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ အလုပ်သမားဝန်ကြီးဌာနတို့ ၃ ပွင့်ဆိုင် ဖြေရှင်းပေးမှုကို လိုလားတာကြောင့် အခု ချီတက်ခဲ့ရတာလို့ ဆိုပါတယ်။ သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်အရ ရန်ကုန်မှာတော့ အမျိုးသားရေးခေါင်းစဉ်အောက်ကနေ အထွေထွေသပိတ် ဆင်နွဲှမယ်ဆိုတဲ့ ကောလဟာလတွေ ရှိနေတဲ့အတွက် ဒီကိစ္စကို သူတို့ပူးပေါင်းမှာမဟုတ်တဲ့အကြောင်းနဲ့ NLD အစိုးရသစ်ကို ဆန့်ကျင်တဲ့သဘော မဟုတ်ဘဲ အားကိုးပြီး သူတို့ ပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုရခြင်းသာ ဖြစ်တယ်လို့လည်း ဆက်ပြောပြပါတယ်။

“လတ်တလောမှာတော့ ကျနော်တို့ ထွက်နေတဲ့ ကောလဟာလတွေအရ ကျနော်တို့နဲ့ ရန်ကုန်က ပြုလုပ်မယ့် အထွေထွေသပိတ်နဲ့ ပူးပေါင်းမယ်တို့ ဘာတို့ ကောလဟာလတွေ ထွက်လာတာကြောင့် အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ရခြင်း ဖြစ်ပါတယ်။ ကြေညာချက်ထဲက အဓိကအချက်ကတော့ လတ်တလော ရန်ကုန်မှာပြုလုပ်မယ်ဆိုတဲ့ အထွေထွေသပိတ်ဟာ ကျနော်တို့နဲ့ လုံး၀ မသက်ဆိုင်ကြောင်း ပြောဆိုချက်ပေါ်မှာ ကျနော်တို့က တခြား အလုပ်သမားထု နည်းတူ ကျနော်တို့အနေနဲ့လည်း ကန့်ကွက်ရှုတ်ချပါတယ် ဆိုတဲ့အကြောင်း ပြောရခြင်းဖြစ်ပါတယ်။ ဒီလက်ရှိ အမျိုးချစ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ အထွေထွေသပိတ် ပြုလုပ်မယ်ဆိုတဲ့အပေါ်ကိုပေါ့။”

အလုပ်သမားတွေဟာ ၂ လကြာ အလုပ်လက်မဲ့ ဖြစ်နေရတာကြောင့် စားသောက်ရေးခက်ခဲနေပြီး န့ိုစို့ကလေးတွေနဲ့အတူ နေပူပူမှာ ဖိနပ်တွေပြတ်ပြီး ချီတက်နေရပေမဲ့ သူတို့ ရည်မှန်းချက်အတိုင်း ဆက်လျှောက်သွားမယ်လို့ ဆိုပါတယ်။ သူတို့ကိုတော့ ရောက်တဲ့ မြို့ရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေက နားခိုခွင့်ပေးပြီး လမ်းက ပြည်သူတွေ လူမှုကူညီရေးအဖွဲ့တွေက တတ်နိုင်သလောက် အစားအသောက်တွေ ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။ ထွက်လာကတည်းက အတားအဆီးပေါင်း ၅ ကြိမ်ထက်မနည်း ကြုံခဲ့ရပေမဲ့ သူတို့ပြဿနာကို ဖြေရှင်းပေးဖို့ အစိုးရသစ်ဆီကို အားကိုး တောင်းဆိုဖို့အတွက် ချီတက်လာရခြင်းသာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံပေါင်း ၇ သောင်းဝန်းကျင်ရှိပြီး၊ အလုပ်သမားပေါင်း သန်းနဲ့ချီရှိတာပါ။ ဒါ့အပြင် အခြေခံလုပ်အားခ လစာနည်းပါးမှု ပြဿနာကလည်း ရှိနေတာမို့ ၂၀၁၀ ခုနှစ်လောက်ကစပြီး ရာနဲ့ချီရှိတဲ့ စက်ရုံအတော်များများမှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေဖြစ်ကြပြီး ဆန္ဒပြမှုတွေ တရာစွဲဆိုမှုတွေ ဖြစ်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ အနည်းဆုံး လုပ်အားခနှုန်းထားကို ၃၆၀၀ သတ်မှတ်ပြီးတဲ့ နောက်မှာတော့ အလုပ်သမားတချို့ဟာ အနည်းငယ် ပြေလည်မှု ရသွားတာတွေ ရှိသလို အလုပ်ရှင်တွေဘက်ကလည်း အလုပ်သမားအင်းအားတွေ လျှော့ချတဲ့အနေနဲ့ အလုပ်ထုတ်ခံနေတာတွေလည်း ရှိနေပါတယ်။ အခုအခါမှာတော့ အလုပ်သမားတွေ တောင်းဆိုတဲ့ကိစ္စတွေကို ဖြေရှင်းပေးမဲ့အစား အလုပ်ထုတ်ပစ်တာမျိုးတွေ လုပ်ဆောင်တဲ့အတွက် အလုပ်သမားတွေက ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။