မြန်မာ့လျှပ်စစ်နဲ့ကျန်းမာရေးကဏ္ဍ ဒေါ်လာသန်း ၂၀၀၀ ကမ္ဘာ့ဘဏ်သုံးစွဲမည်

ကမ္ဘာ့ဘဏ်အဖွဲ့ ဥက္ကဋ္ဌ Jim Yong Kim မြောက်ဒဂုံမြို့နယ်ဆေးရုံမှာ ကျန်းမာရေးထောက်ပံ့မှုပေးမယ့်အစီအစဉ် သတင်းစာရှင်းလင်းပွဲပေးနေစဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုတိုးတက်ရေးနဲ့ ဆင်းရဲသား လူတန်းစားတွေ ကျန်းမာရေး စောင့်ရှောက်မှုပိုရစေဖို့အတွက် ကမ္ဘာ့ဘဏ် အုပ်စုက အမေရိကန်ဒေါ်လာသန်း ၂ ထောင် ထောက်ပံ့မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရောက်နေတဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Young Kin ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ရန်ကုန်က ဒေသန္တရဆေးခန်းတခုကို သွားရောက်လေ့လာခဲ့ပြီး နောက်မှာ ခုလို ထောက်ပံ့ကူညီမှုတွေ ထပ်တိုးပေးမယ့် အကြောင်း ကြေညာခဲ့တာပါ။

ဒီအထောက်အပံ့တွေက မြန်မာနိုင်ငံက အဆင်းရဲဆုံးပြည်သူတွေရဲ့ ဘဝတွေ တိုးတက်စေဖို့၊ ကျန်းမာရေးစောင့်ရှောက်မှု သိသိသာသာ ပိုရနိုင်ကြစေဖို့နဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားစေဖို့ ဖြစ်တယ်လို့ Mr. Kim က ပြောကြားခဲ့ပါတယ်။

၂၀၃၀ ခုနှစ်မတိုင်ခင် မြန်မာနိုင်ငံသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှုရရှိ စေဖို့နဲ့ လျှပ်စစ်ဓာတ်အား ရရှိစေဖို့အတွက် ဒေါ်လာ သန်း ၂ ထောင်ကို သုံးစွဲမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ အဲဒီထဲက ဒေါ်လာသန်း ၂၀၀ ကို လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေး အတွက်သုံးစွဲမှာဖြစ်ပါတယ်။

နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း IFC, နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ IDA, နဲ့ ဘက်စုံရင်းနှီးမြှုပ်နှံမှု အာမခံရေးအေဂျင်စီ MIGA တို့ပါဝင်တဲ့ ကမ္ဘာ့ဘဏ် အုပ်စုက နှစ်ရှည်စီမံကိန်းတွေနဲ့ ခုလို ငွေကြေး အမြောက်အများကို မြန်မာနိုင်ငံ တိုးတက်ရေးအတွက် သုံးစွဲမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တနင်္လာနေ့ကျင်းပမဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖု့ိ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Young Kin မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိနေတာပါ။ သူဟာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်သလို အတိုက်အခံ ခေါင်းဆောင်တွေ စီးပွားရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။