၂၀၁၅ ခုနှစ်တုန်းက ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်တဲ့ လမ်း၊တံတားတွေ တည်ဆောက်ဖို့ ကမ္ဘာ့ဘဏ်အနေနဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးသွားမှာဖြစ်ပါတယ်။ အတိုးနှုန်းမဲ့ ထုတ်ချေးမယ့် ဒီနှစ်ရှည်စီမံကိန်းအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ဆိုးရွားတဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး စတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးသွားမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောဆိုလိုက်ပါတယ်။
ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် အရေးပေါ်အခြေအနေရောက်ခဲ့တဲ့ ဒေသတွေမှာ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်တဲ့ လမ်း၊ တံတားတွေ ပြန်လည်တည်ဆောက်ဖို့ ချေးငွေ ဒေါ်လာ သန်း ၂၀၀ကို သုံးစွဲသွားမယ်လို့ ကမ္ဘာ့ဘဏ် ရန်ကုန်ရုံးခွဲ ပြန်ကြားရေးတာဝန်ခံ ကိုကျော်စိုးလင်းက VOA ကို အခုလို ပြောပါတယ်။
“အဓိကအားဖြင့်တော့ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နောက် ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အဓိကဆောင်ရွက်သွားမှာပါ။ ကျနော်တို့လမ်းတံတားတွေ ပြန်ပြီးတော့မှ ပြုပြင်သွားဖို့တွေရှိမယ်။ နောက်အဲဒီလို ပြုပြင်သွားမယ့်နေရာတွေမှာလည်း သူတို့ ဒီ သဘာဝဘေး ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ လမ်းတွေဖြစ်အောင်လို့ ဘယ်လိုပြုပြင်သွားမလဲဆိုတာတွေပါမယ်ပေါ့နော်။ နောက်တခုက ဒီ သဘာ၀ ဘေးဒဏ်ကြောင့်မို့လို့ ထိခိုက်ခံစားနေရတဲ့ လယ်ယာလုပ်ငန်းတွေအတွက်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်သွားဖို့အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။”
ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေနဲ့ လုပ်ကိုင်မယ့် ဒီ စီမံကိန်းကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ကြမှာဖြစ်ပါတယ်။
ဒါ့အပြင် ဒီစီမံကိန်းဟာ ၃၈ နှစ်ကြာမြင့်မယ့် နှစ်ရှည်စီမံကိန်းဖြစ်ပြီး အတိုးပေးဖို့လည်း လိုအပ်မှာမဟုတ်ဘူးလို့ ကိုကျော်စိုးလင်းက အခုလိုရှင်းပြပါတယ်။
“ဒီစီမံကိန်းအတွက်ကို ကျနော်တို့ ကမ္ဘာ့ဘဏ်ကနေပေးတဲ့ ချေးငွေဟာ ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းကနေပြီးတော့မှ ဖွံ့ဖြိုးဆဲ နိုင်ငံကိုပေးတဲ့ ချေးငွေအမျိုးအစားဖြစ်ပါတယ်။ ဒီချေးငွေဟာ ကျနော်တို့ နှစ်ရှည်ချေးငွေအမျိုးအစားဖြစ်ပြီးတော့ သူ့သက်တမ်းက ၃၈ နှစ်ဖြစ်ပါတယ်။ ဆိုတော့ ပထမ ၆ နှစ်ကတော့ ပြန်ဆပ်စရာမလိုတဲ့ကာလဖြစ်တယ်။ သူ့မှာ အတိုးနှုန်းကတော့ မရှိပါဘူး။ ဇီးရိုး အတိုးနှုန်း ဖြစ်ပါတယ်။”
၂၀၁၅ ခုနှစ် ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်းတွင်း မိုးသည်းထန်စွာရွာသွန်းတာတွေနဲ့ ဆိုင်ကလုန်းကိုမင် တိုက်ခတ်ခဲ့တာကြောင့် ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁.၆ သန်းကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။
Your browser doesn’t support HTML5