Croatia နဲ့ Morocco ကမ္ဘာ့ဖလားတတိယနေရာလု

အခုပွဲဟာ Croatia အသင်းက နံပါတ် ၁၀ Luka Modric နောက်ဆုံးကစားတဲ့ ကမ္ဘာ့ဖလားပွဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်

ကမ္ဘာ့ဖလား တတိယနေရာလုပွဲကို အခုမကြာခင် မြန်မာစံတော်ချိန် ၉ နာရီနာရီခွဲမှာ စတင်တော့မှာဖြစ်ပါတယ်။ ကာတာနိုင်ငံက Khalifa International ကွင်းမှာ Croatia အသင်းနဲ့ Morocco တို့ ကစားကြမှာ ဖြစ်ပါတယ်။ Croatia အသင်းက ၂၀၁၈ ကမ္ဘာ့ဖလားပွဲတုန်းက ဖိုင်နယ်မှာ ပြင်သစ်အသင်းကို ရှုံးခဲ့ပြီး ဒုတိယနေရာ ရခဲ့တဲ့အသင်း ဖြစ်ပါတယ်။

Morocco အသင်းကလည်း ကမ္ဘာ့ဖလားပွဲတွေမှာ ဆီမီးဖိုင်နယ်အထိ ပထမဆုံးတက်ခဲ့တဲ့ အာဖရိကတိုက်ထဲက အာရပ်နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်၊ အခုပွဲဟာ Croatia အသင်းက နံပါတ် ၁၀ Luka Modric နောက်ဆုံးကစားတဲ့ ကမ္ဘာ့ဖလားပွဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၀၆ ခုနှစ်ကမ္ဘာ့ဖလားပွဲကစလို့ အခု ၂၀၂၂ အထိ Croatia အသင်းအတွက်ကစားတဲ့ Luka Modric ကို ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကွင်းလယ်ကစားသမားတယောက်အဖြစ် ဖော်ပြ ပြောဆိုကြပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ထဲက စတင်နေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲတွေရဲ့ နောက်ဆုံး ဗိုလ်လုပွဲကိုတော့ နက်ဖြန် တနင်္ဂနွေနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ကစားကြမှာပါ။ ပြင်သစ်အသင်းအနေနဲ့ ကမ္ဘာ့ဖလားကို ဆက်ယူထားနိုင်ဖို့ ကြိုးစားမှာ ဖြစ်သလို ဘောလုံးအကျော်အမော် Lionel Messi ရဲ့ အာဂျင်တီးနားအသင်းကလည်း တတိယအကြိမ် ကမ္ဘာ့ဖလားကို ရနိုင်ဖို့ အကြိတ်အနယ် ကစားကြမယ်လို့ မျှော်လင့်ရပါတယ်။

ပြင်သစ်အသင်းရဲ့ နောက်တန်းကစားသမားတွေ ဖြစ်ကြတဲ့ Upamecano (အူပါမေကန်းနိုး)၊ Varane (ဗရန်း)၊ Konate (ကိုနားတေး) အပါအဝင် ကစားသမား ၅ ယောက် နေမကောင်း ဖြစ်နေကြပါတယ်။ Varane နဲ့ Konate တို့ သောကြာနေ့က မလေ့ကျင့်နိုင်ခဲ့ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပါတယ်။

ပြင်သစ်အသင်းနည်းပြ Didier Deschamps (ဒီဒီရေး ဒေရှောန်း) ကတော့ သူတို့အသင်းအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ကစားပွဲအတွက် အာရုံစိုက်ထားတယ်လို့ သောကြာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ ၁၉၈၆ နဲ့ ၂၀၁၈ အတွက် ကမ္ဘာ့ဖလား ၂ ကြိမ် ရထားဖူးပါတယ်။

=== Unicode =====




