ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲမှာ စပိန်က ချီလီကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်

  • Ma Nyo

ကမ္ဘာ့ဖလား အုပ်စုပွဲ နောက်ဆုံးပွဲတွေ မှာ စပိန်အသင်း က ချီလီအသင်း ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိပြီး ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ရှေ့တန်း တိုက်စစ်မှူး David Villa နဲ့ Andres Iniesta တို့က တစ်ဂိုးစီ သွင်းယူခဲ့ကြတာဖြစ်ပြီး ဂိုးကွာခြားမှုအရ အုပ်စု အိပ်ချ် မှာ စပိန်က အုပ်စုဗိုလ်ဖြစ်သွားခဲ့ပါတယ်။ ချီလီက ရှုံးပေမဲ့ သူလည်း အုပ်စု ဒုတိယနဲ့ ရှုံးထွက်ပွဲစဉ်ကို တက်သွားပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ နောက်တစ်ပွဲမှာတော့ အဆင့်နံပတ် ၁ ဘရာဇီးနဲ့ အဆင့် နံပတ် ၃ ပေါ်တူဂီတို့ ဂိုးမရှိ သရေကျသွားပြီး ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ် ကို ၂ သင်းလုံး တက်ရောက်သွားကြပါတယ်။

အုပ်စု ဂျီ နောက်တစ်ပွဲမှာတော့ အိုင်ဗရီကို့စ်က မြောက်ကိုရီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ၂ သင်းလုံး ဒုတိယအဆင့် ကို မတက်နိုင်ကြတော့ပါဘူး။

ဟွန်ဒူးရပ်နဲ့ ဆွစ်ဇာလန်တို့လည်း ဂိုးမရှိ သရေကျသွားခဲ့ပြီး နှစ်သင်းလုံး ပြိုင်ပွဲက ထွက်သွားကြရပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို စနေနေ့က စ ကစားမှာ ဖြစ်ပြီး ဥရုဂွေးနဲ့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂါနာတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဥရုဂွေးက ကမ္ဘာ့ဖလား ၂ ကြိမ်ရရှိခဲ့ဖူးပြီး တောင်ကိုရီးယားနဲ့ ငါးကြိမ် ကစားခဲ့ဖူးရာမှာ တစ်ကြိမ်မှ ရှုံးပွဲ မရှိခဲ့သေးပါဘူး။ တောင်ကိုရီးယားဟာ ၂၀၀၂ ခုနှစ်တုံးက ဆီမီး ဖိုင်နယ် ရောက်ခဲ့ဖူးပါတယ်။ အမေရိကန်ကတော့ ၂၀၀၆ ခုနှစ်မှာ ဂါနာကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရဖူးပါတယ်။ ဂါနာအသင်းဟာ အာဖရိကတိုက်ကို ကိုယ်စားပြုတဲ့ လက်ကျန် တစ်ခုတည်း သောအသင်း ဖြစ်နေပါတယ်။

ဒီ ရှုံးထွက်ပွဲနိုင်သူက ကွာတားဖိုင်နယ်ပွဲကို ဆက်လက်ကစားရမှာ ဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဖွံဖြိုးဆဲ ထိပ်ပိုင်းနိုင်ငံတွေက ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကနေဒါနိုင်ငံက ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။