ရွေးကောက်ပွဲထက် ကမ္ဘာ့ဖလားပွဲ စိတ်ဝင်စားမှု ပိုများ

  • မသင်းသီရိ

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အဖြာဖြာသော ကိစ္စရပ်တွေမှာ မွန်းကျပ်နေတဲ့ မြန်မာလူထုအဖို့ အခု ကမ္ဘာ့ဖလား ဘောလုံးပွဲဟာ စိတ်သက်သာရာ ရစေမယ့် ထွက်ပေါက်တခု ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရ ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကိုပဲ ပိုပြီး စိတ်ဝင်စားနေကြတယ်လို့လည်း ပြောကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးမျိုးသော အခက်အခဲတွေနဲ့ မွန်းကျပ်မှုတွေအတွက် အခုအချိန်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ကြည့်ရှုအားပေးနေရတာက အခုအချိန်မှာ စိတ်သက်သာရာ ရစေတဲ့ ထွက်ပေါက်တခု ဖြစ်နေတယ်လို့ ပြောကြပါတယ်။ တကယ်တော့ တိုင်းပြည်တခုအတွက် အရေးကြီးတယ်လို့ ပြောနိုင်တဲ့ ရွေးကောက်ပွဲကို လူထုက အာရုံထား စိတ်ဝင်စားမှု မရှိဘဲ အများရဲ့စိတ်ထဲမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကသာ လွှမ်းမိုးနေတယ်လို့ စာရေးဆရာ ဦးအောင်သင်းက ပြောပါတယ်။

“လူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားတာတော့ အမှန်ပဲ။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပါပဲ။ စိတ်မဝင်စားတာကတော့ ဘယ်သူနိုင်နိုင်၊ ဘယ်ဝါနိုင်နိုင် ဆိုတာလည်း ဘာမှ ပြောလို့မရဘူး။ အဲဒါကြောင့် စိတ်မဝင်စားတာလည်း ပါတယ်။ ဆိုတော့ ဘယ်သူရရ၊ ဘယ်သူတက်တက်၊ ဘာပဲဖြစ်ဖြစ် အဲဒါကို စိတ်မဝင်စားတော့ဘူး။ ကိုယ်နဲ့မပတ်သက်တော့ဘူးလို့ အဲဒီလို ထင်သွားကြတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအတိုင်း ဖြစ်နေတာပဲ။”

နိုင်ငံတနိုင်ငံရဲ့ ရွေးကောက်ပွဲကို တိုင်းပြည်လူထု စိတ်ဝင်စားမှု မရှိတာဟာ တကယ်တော့ နိုင်ငံရဲ့ အနာဂတ် မကောင်းသလို ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာတရပ် မဟုတ်ဘူးလို့လည်း ဆိုကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက လူထုကို ကိုယ်စားပြုခြင်း မရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုမယ့် ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု မရှိတာဟာ မှန်ကန်တဲ့ တိုင်းသူပြည်သားရဲ့ ရပ်တည်ချက် ဖြစ်တယ်လို့ သတင်းစာဆရာကြီး ဦးသာဘန်းက သုံးသပ်ပါတယ်။

“အမှန်အတိုင်း ပြောရရင်တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ လူတွေဆိုတာက သာမန်လူတွေက မြန်မာပြည်မှာ မွန်းကျပ် ပိတ်ဆို့ထားတဲ့ဟာကို ထွက်ပေါက်ရှာချင်တော့ အခု ကမ္ဘာ့ဖလားက ထွက်ပေါက်သဘောမျိုးနဲ့ပေါ့လေ၊ အားကစားဆိုတော့၊ ရှာပြီးတော့ ကြည့်ကြတာပဲလေ။ ပျော်စရာလေး တခုပေါ့လေ၊ ကြည့်စရာလေးတခု၊ အဲဒီလို ကြည့်ကြတယ်လို့ ယူဆတယ်။

“နိုင်ငံရေးအရ ပြောရရင်တော့ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူးဆိုတာ လူထုအတွက် သိပ်မှန်တာပေါ့။ သူတို့ လုပ်ချင်တာလုပ်တဲ့ ရလဒ်၊ ၂၀၀၈ ဖွဲ့စည်းပုံတုန်းကလည်း ဒီလောက် ဒုက္ခတွေရောက်တဲ့ နာဂစ်မုန်တိုင်းကာလမှာ ဖွဲ့စည်းပုံ အတည်ပြုရေး လုပ်တဲ့အတွက်ကြောင့်လည်း နာဂစ်ဖွဲ့စည်းပုံလို့ ပြည်သူက နာမည်ပေးခဲ့တာပဲလေ။ အဲဒါပြီးတော့ အခု ရွေးကောက်ပွဲ လာတော့လည်း တင်းကျပ်မှုတွေက အများကြီးလေ။ အဲဒါကြောင့် စိတ်မဝင်စားတာပါ၊ လူထု စိတ်မဝင်စားတာကတော့။ သူတို့လည်း အကြိမ်ကြိမ် အလိမ်ခံရပြီးပြီပေါ့ဗျာ။ နောက်ထပ် အလိမ်မခံချင်တဲ့ သဘောပါပဲ။”

ရှေ့လ ဇူလိုင် ၁၁ ရက်နေ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ ပြီးပြီဆိုရင်ရော ဒီရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု ပြန်ရဖို့ ရှိပါသလား၊ ဆရာ ဦးသာဘန်းရဲ့ အမြင်ကတော့...

“သည်းခံနိုင်သလောက်တော့ ခံမှာပဲလို့ ယုံကြည်တယ်။ ရွေးကောက်ပွဲကိုတော့ ကမ္ဘာ့ဖလားပွဲပြီးရင် အလောင်းအစားဖြစ်တဲ့ ၂ လုံးတို့၊ ၃ လုံးတို့ကို လှည့်ကြမှာပေါ့လေ။ ဒါ လူထုအတွက် အများဆုံး ဖြစ်နေတဲ့ ကိစ္စကိုး။”

သတင်းစာဆရာကြီး ဦးသာဘန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်တော့ ခုချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာထက် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကဖြင့်သာ မြန်မာလူထုရဲ့ အာရုံကို လွှမ်းမိုးထားနိုင်ဆုံးလို့ ပြောကြပါတယ်။