ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဒုတိယနေ့

FIFA World Cup Qatar 2022 - Round of 16 - Morocco v Spain

ကာတာနိုင်ငံမှာ ဒီနေ့ကျင်းပမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပထမပွဲအဖြစ် Morocco နဲ့ Portugal တို့ မကြာခင်အချိန်မှာပဲ ကစားကြတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးရှုံးထွက်အဆင့် တက်လာတဲ့ Morocco အသင်းက ဥရောပအသင်းကြီးတခုဖြစ်တဲ့ Portugal အသင်းနဲ့ မြန်မာစံတော်ချိန် အခုည ၉ နာရီခွဲမှာ စကစားကြတော့မှာပါ။

အာရပ်ဒေသနိုင်ငံတခုမှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ အာဖရိကတိုက်ထဲက အာရပ်နိုင်ငံတခုအနေနဲ့ ပထမဆုံး ဆီမီးဖိုင်နယ် ဆက်တက်နိုင်ဖို့ Morocco နိုင်ငံက ကြိုးစားမှာဖြစ်သလို ကမ္ဘာ့နိုင်ငံစုံက ပရိသတ်တွေကလည်း Morocco အသင်းကို အားပေးနေကြပါတယ်။ Portugal အသင်းကလည်း ပထမဆုံး ကမ္ဘာဖလားရနိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။

Switzerland နဲ့ကန်ခဲ့တဲ့ပွဲတုန်းက ပွဲအစပိုင်း သူ့ကို ထည့်မကစားတဲ့အတွက် ကျေနပ်ပုံသိပ်မရတဲ့ Portugal အသင်းရဲ့ ဘောလုံးအကျော်အမော် Cristiano Ronaldo က အသင်းထဲကနေ ထွက်သွားမယ်လို့ ပြောတဲ့သတင်းတွေ မမှန်ဘူးလို့ အသင်းနည်းပြက ငြင်းပယ်ထားပါတယ်။ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် ၁ နာခွဲမှာကစားမယ့် အင်္ဂလန်နဲ့ ပြင်သစ်ပွဲကလည်း အိမ်နီးချင်း ၂ နိုင်ငံ အကြိတ်အနယ်ကစားကြမယ့်ပွဲ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းက ဒီနှစ်ကမ္ဘာ့ဖလားကို အနိုင်ရနိုင်မယ်လို့ ယုံကြည်ထားကြောင်း အသင်းခေါင်းဆောင် Harry Kane က ပြောခဲ့ပါတယ်။ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှာ အခုချိန်ထိ ဂိုးအများဆုံး သွင်းထားလို့ ရွှေဖိနပ်ဆုအတွက် တစ်ပြေးနေတဲ့ ရှေ့တန်းတိုက်စစ်မှူး Kylian Mbappe (ကီလီယန် ဘက်ပေ) ပါတာ မှန်ပေမဲ့ Mbappe တို့ Kane တို့ကိုပဲ ပွဲကစားတာ မဟုတ်ကြောင်းနဲ့ ကမ္ဘာ့ထိပ်တန်း ဘောလုံးအသင်းနှစ်သင်း ကစားကြမှာ ဖြစ်တယ်လို့ အင်္ဂလန်နည်းပြက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကာတာမှာ ကမ္ဘာ့ဖလားပွဲ သတင်းတွေ ယူနေစဉ် မနေ့က ရုတ်တရက်ကွယ်လွန်သွားတဲ့ အမေရိကန် ဝါရင့်ဘောလုံး သတင်းထောက်အတွက် ဝမ်းနည်းစကားတွေ ဆိုနေကြပါတယ်။ ဘောလုံးကို အင်မတန် ချစ်မြတ်နိုးတဲ့ သတင်းထောက် Grant Wahl ကို ဘောလုံးပရိတ်သတ်တွေ အမှတ်ရနေမှာ ဖြစ်တယ်လို့ FIFA ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ သောကြာနေ့က Netherlands နဲ့ Argentina ပွဲအချိန်ပို ကစားနေချိန်မှာ ကွင်းထဲက သတင်းထောက်တွေ သတင်းယူတဲ့နေရာမှာ အသက် ၄၉ နှစ်အရွယ် သတင်းထောက် Grant Wahl ရုတ်တရက် လဲကျသွားခဲ့ပြီး ဆေးရုံရောက်ချိန်မှာ သေဆုံးသွားပြီလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်ထဲက ကမ္ဘာ့ဖလားပွဲတွေကို ၈ ကြိမ် သတင်းယူခဲ့တဲ့ Grant Wahl ဟာ မကွယ်လွန်ခင် သောကြာနေ့ အစောပိုင်းအထိ Netherlands နဲ့ Argentina ပွဲအကြောင်း Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။ တနင်္လာနေ့တုန်းကလည်း သူနေမကောင်းလို့ ကာတာမှာ ဆေးခန်းတခုမှာ သွားပြခဲ့ကြောင်းနဲ့ လေပြွန်ရောင်ရမ်းနိုင်ခြေနဲ့ Antibiotic နဲ့ ချောင်းဆိုး ပျောက်ဆေးပေးခဲ့တယ်လို့ သူကရေးသားခဲ့ပါတယ်။

သူဟာ Sports Illustrated အားကစားမဂ္ဂဇင်းမှာ အားကစားဆောင်းပါးတွေ ရေးသားခဲ့ပြီး နောက်ပိုင်း Substack ဆိုတဲ့ အွန်လိုင်းထုတ်ဝေရေး ဆိုင်ရာ ဝက်ဘ်ဆိုက် အတွက် အားကစားသတင်းတွေ ရေးသားနေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလကုန်ပိုင်းတုန်းက အမေရိကန်အသင်း စကစားမယ့်ပွဲအတွက် Ahmad Bin Ali ဘောလုံးကွင်းထဲ ဝင်ဖို့လုပ်စဉ် လိင်တူချစ်သူ LGBTQ တွေကို ထောက်ခံကြောင်း သင်္ကေတ သက်တန့်ပုံပါတဲ့ အင်္ကျီဝတ်ထားလို့ဆိုပြီး ကွင်းလုံခြုံရေးတွေက သူ့ကို ကွင်းထဲပေးမဝင်ခဲ့ပါဘဲ အင်္ကျီကို ချွတ်ခိုင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

=== Unicode ====






