ကမ္ဘာ့စီးပွားရေး တိုးတက်မည်ဟု IMF အကြီးအကဲသုံးသပ်

IMF အကြီးအကဲ Christine Lagarde

ကမ္ဘာ့စီးပွားရေးဟာ ၂၀၁၄ ခုနှစ်အတွင်း တိုးတက်လာဖို့ ရှိပေမဲ့ အဲဒီတိုးတက်မှုဟာ အရမ်းနဲလွန်း၊ အားပျော့ပြီး မညီမျှမှုတွေ ရှိနေလိမ့်မယ်လို့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးက ပြောပါတယ်။

၂၀၀၈ ခုနှစ်မှာ ရင်ဆိုင်လိုက်ရတဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုရဲ့ဒဏ်ကို ဆက်ခံနေရတုန်း ဖြစ်ပေမဲ့ တိုးတက်မှုတွေ ရှိလာမယ်ဆိုတဲ့ ယုံကြည်မှု ရှိနေတာကို တွေ့ရတယ်လို့ IMF အကြီးအကဲ Christine Lagarde က ဝါရှင်တန်ဒီစီမြို့မှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။

ကမ္ဘာ့စီးပွားရေးဟာ ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ တိုးတက်မှုတွေ ရှိခဲ့ပြီး အခုနှစ်အတွင်းမှာ ထပ်မံ တိုးတက်လာဖို့ ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကတော့ အရှိန်နှေးနေတုန်းပဲလို့ Christine Lagarde က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတွေမှာ တိုးတက်မှု အရှိန်မြင့်လာနေပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ တိုးတက်မှု နှေးကွေးနေတုန်းပဲလို့ ဆိုပါတယ်။ ကမ္ဘာတလွှား အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ လူပေါင်း သန်း ၂၀၀ အတွက် လက်ရှိ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု တခုလုံးက အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်မှာ မဟုတ်ဘူးလို့လည်း IMF အကြီးအကဲက ပြောပါတယ်။

ဒါကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ စီးပွားရေးဆိုင်ရာ အဓိက ကိစ္စရပ်တွေမှာ မှားယွင်းတဲ့ ဆုံးဖြတ်တွေ မချမိဖို့လိုတယ်လို့ Christine Lagarde က ပြောပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန် ဗဟိုဘဏ်အနေနဲ့ တိုင်းပြည်စီးပွားရေးကို တိုက်ရိုက် ထောက်ပံ့ပေးနေတာကို ရပ်တန့်မပစ်ပဲ လွှတ်တော်ကလည်း ငွေကြေးချေးငှားနိုင်မှု ကန့်သတ်ထားချက်ကို ထပ်တိုးပေးသင့်တယ်လို့ IMF အကြီးအကဲက ပြောပါတယ်။