စားနပ်ရိက္ခာ ၂ ဆတိုးထုတ်ဖို့ ကုလ တိုက်တွန်း

စားနပ်ရိက္ခာ ၂ ဆတိုးထုတ်ဖို့ ကုလ တိုက်တွန်း

ကမ္ဘာ့လူဦးရေ တိုးပွားမှုနှုန်း မြန်ဆန်လွန်းတာကြောင့် ကမ္ဘာတလွှားက လယ်သမားတွေ အနေနဲ့ လက်ရှိ ထုတ်လုပ်နေတဲ့ စားနပ်ရိက္ခာထက် ၂ ဆ ပိုထုတ်လုပ်နိုင်မှ တန်ရာကျမယ်လို့ ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ပါတယ်။

သက္ကရာဇ် ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေ ၉ ဘီလီယံလောက် ဖြစ်လာနိုင်တာကြောင့် စားသောက်ကုန် ထုတ်လုပ်မှုဟာလည်း လက်ရှိထက် ၇၀% ကနေ ၁၀၀% လောက်အထိ တိုးမြှင့်ထုတ်လုပ်ဖို့ လိုအပ်မယ်လို့ အင်္ဂါနေ့မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးနဲ့ လူမှုဖူလုံရေး စစ်တမ်းမှာ ဖော်ပြထားတာပါ။

အဲဒီလို များပြားလှတဲ့ စားနပ်ရိက္ခာတွေ ထုတ်လုပ်နိုင်ဖို့အတွက် တိုင်းပြည်တွေ အနေနဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်မှု သက်သာစေမယ့် နည်းလမ်းတွေကို ရွေးချယ် အသုံးပြုကြမှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မလုပ်ရင်တော့ ဥတုရာသီ ပြောင်းလဲမှုနဲ့ လေထုညစ်ညမ်းမှု ဒဏ်တွေကြောင့် စိုက်ပျိုးရေးကို အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

အငတ်ဘေးနဲ့ ရင်မဆိုင်ရအောင် စားနပ်ရိက္ခာတွေ တိုးမြှင့် ထုတ်လုပ်တဲ့ နေရာမှာ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေဖို့ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ စီးပွားကြီး တခုလုံးရဲ့ ၃% လောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၂ ထရီလီယံလောက် ရင်းနှီးမြှုပ်နှံကြရမယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စအတွက် တကမ္ဘာလုံးမှာ ရှိနေတဲ့ အစိုးရတိုင်းက ဦးဆောင် ပါဝင်ကြရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။