တရုတ် ရှန်ဟိုင်းကျောင်းသားများ ကမ္ဘာမှာ အတော်ဆုံး

နိုင်ငံတကာက ကျောင်းသားတွေအတွက် စာမေးပွဲလုပ်တဲ့အစီအစဉ် PISA ရဲ့ ၂၀၁၂ ခုနှစ် ရလဒ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရှန်ဟိုင်းက ကျောင်းသူကျောင်းသားတွေဟာ ကမ္ဘာပေါ်မှာ အတော်ဆုံးဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲရလဒ်တွေက ဖော်ပြနေပါတယ်။

နိုင်ငံတကာက ကျောင်းသားတွေအတွက် စာမေးပွဲလုပ်တဲ့အစီအစဉ် PISA ရဲ့ ၂၀၁၂ ခုနှစ် ရလဒ်တွေ အင်္ဂါနေ့က ထွက်ပေါ်လာခဲ့တာမှာ ရှန်ဟိုင်းမြို့က ကျောင်းသူကျောင်းသားတွေက သင်္ချာ၊ သိပ္ပံနဲ့ စာဖတ်မှာ နိုင်ငံပေါင်း ၆၀ ကျော်က ကျောင်းသားတွေ အားလုံးထက်သာပြီး ထိပ်ဆုံးမှာ ရှိနေပါတယ်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီးဖြစ်တဲ့ OECD က ကမ္ဘာတဝှမ်းက ပညာရေးစနစ်တွေကို အကဲဖြတ်ဖို့ ရည်ရွယ်ပြီး အသက် ၁၅ နှစ်ကနေ ၁၆ နှစ်ကြား ကျောင်းသူကျောင်းသားတွေကို ၃ နှစ် ၁ ကြိမ် PISA စာမေးပွဲစစ်ပါတယ်။

နောက်ဆုံး စာမေးပွဲရလဒ်တွေအရ တရုတ်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့ အာရှနိုင်ငံတွေက ကျောင်းသားတွေဟာ အတော်ဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ ရှိနေပါတယ်။ အမေရိကန် ကျောင်းသူကျောင်းသားတွေက နံပါတ် ၃၆ မှာ ရှိပါတယ်။

သင်္ချာမှာ အမေရိကန် ကျောင်းသားတွေဟာ နိုင်ငံတကာ ပျမ်းမျှအဆင့်ရဲ့ အောက်ကိုရောက်နေပြီး၊ သိပ္ပံနဲ့ စာဖတ်မှာတော့ ပျမ်းမျှအဆင့်မှာပဲ ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်အတွက် PISA စာမေးပွဲကို နိုင်ငံပေါင်း ၆၅ နိုင်ငံက ကျောင်းသူ ကျောင်းသားပေါင်း ၅ သိန်းကျော် ပါဝင်ဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်ရှင်။