ကမ္ဘာတဝန်း စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်မှုမရှိ

ကမ္ဘာတဝန်း စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်မှုမရှိ

ကမ္ဘာတဝန်း စားသောက်ကုန်ဈေး မတည်မငြိမ် ဖြစ်နိုင်သလို ကောက်ပဲသီးနှံ ဈေးတွေလည်း ၂၀၁၅ ခုနှစ်အထိ ပုံမှန်ထက် ပိုတက်လာဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ် ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်ပါတယ်။

တချို့နိုင်ငံတွေမှာ စားသောက်ကုန်ဈေး အဆမတန်တက်လို့ ရုန်းရင်ဆန်ခတ် ဖြစ်နေကြပြီး အခြေခံ စားကုန်တွေဟာ ၂၀၀၈ ခုနှစ်က စံချိန်ကျိုးအောင် တက်ခဲ့တဲ့ ဈေးနှုန်းနီးပါး ဒါမှမဟုတ် ပိုပြီး တက်လာနိုင်တယ်လို့ ခန့်မှန်းလိုက်ကြတာပါ။

ဖွံံ့ဖြိုးဆဲ နိုင်ငံအများစု ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်နေတဲ့ ပြဿနာကတော့ စားသောက်ကုန်ဈေး အဆမတန်တက်တဲ့ အန္တရာယ်ပါပဲလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ် ဇိုးလစ် (Robert Zoellick) က ပြောပါတယ်။

အဆင်းရဲဆုံး နိုင်ငံတွေက မိသားစုတွေဟာ ဝင်ငွေရဲ့ ၃ ပုံ ၂ ပုံကို အစားအသောက်အတွက် သုံးစွဲနေရတာကြောင့် အခြေခံ စားကုန်ဈေးတက်ရင် အထိနာဆုံး ဖြစ်ကြရတာပါ။

ကမ္ဘာတဝန်း အစားအစာ ဝလင်အောင် မစားနိုင်သူ ငတ်မွတ်နေသူဦးရေ သန်း ၁,၀၀၀ ကျော် ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ် ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ စားသောက်ကုန်ဈေး တက်တာနဲ့အမျှ ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစရာ လက်ကျန်ငွေ မရှိတဲ့ အဖြစ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

စားသောက်ကုန် လိုအပ်ချက် တိုးလာပေမဲ့ ရာသီဥတု ဆိုးဝါးမှုကြောင့် ဂျုံ၊ ဆန်စပါး၊ ပြောင်း၊ သကြားနဲ့ တခြား ကောက်ပဲသီးနှံတွေ အထွက်နည်းသွားရတဲ့အကြောင်း အစီရင်ခံစာ ထွက်လာပြီးနောက် ကျွမ်းကျင်သူတွေက အခုလို မှတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။