ကွယ်လွန်သူ မန်ဒဲလားကို ကမ္ဘာ့ခေါင်းဆောင်တွေ ဂုဏ်ပြု

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်သူ၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင် Nelson Mandela

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်သူ၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင် Nelson Mandela ဟာ ကြာသာပတေးနေ့မှာ ကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပါပြီ။ မစ္စတာ မန်ဒဲလားဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားပြီ ဆိုတာကို တောင်အာဖရိကသမ္မတ Jocob Zuma က တနိုင်ငံလုံးကို ရုပ်မြင်သံကြား ကနေ ကြေညာခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံအဖို့ တန်ဖိုးအကြီးဆုံးသားတဦး ဆုံးရှုံးခဲ့ပြီလို့ မစ္စတာ Zuma က ကြေညာပါတယ်။ မစ္စတာမန်ဒဲလားကို နိုင်ငံတော်ဈာပနနဲ့ ဂုဏ်ပြုမှာဖြစ်ပြီး၊ အမျိုးသား အလံတွေကိုလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် တိုင်ဝက်လွှင့်ထူသွားမယ်လို့ မစ္စတာဇူးမားက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံမှာ လူနည်းစုအုပ်ချုပ်မှုနဲ့ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တွန်းလှန်တိုက်ဖျက်ရာမှာ ဦးဆောင်ခဲ့မှုကြောင့်၊ မစ္စတာ မန်ဒဲလားဟာ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်သုံးစုကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။လွတ်မြောက်လာပြီးတဲ့နောက်မှာလည်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထွဋ်အမြတ်သင်္ကေတရပ်အနေနဲ့ သူ့ကို တန်ဖိုးထားခဲ့ကြပါတယ်။

မစ္စတာမန်ဒဲလားဟာ အသားအရောင် ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ လူဖြူသမ္မတ ဒီကလပ်နဲ့အတူ နိုဗယ်ငြိမ်းချမ်းရေးဆု ပူးတွဲ ချီးမြင့်ခံခဲ့ရပါတယ်။ အဲဒီနောက်နှစ်မှာတော့ သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်လာခဲ့ပါတယ်။

မစ္စတာမန်ဒဲလားကွယ်လွန်သွားတာကို ကြေညာသွားပြီးနောက် တကမ္ဘာလုံးက သူ့အတွက် ဝမ်းနည်းဂုဏ်ပြုခဲ့ကြပါတယ်။ကမ္ဘာကြီးဟာ သတ္တိအပြောင်မြောက်ဆုံး အကောင်းဆုံးလူသားတဦး ဆုံးရှုံးခဲ့ရပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုဘားမား ဝမ်းနည်းစကားဆို။

မစ္စတာမန်ဒဲလားကို စံပြနမူနာမထားပဲ သူ့ဘဝကို ဘယ်လိုမှ စိတ်ကူးလို့ရမှာမဟုတ်ဘူးလို့လည်း သမ္မတအိုဘားမားက တင်စားဂုဏ်ပြုခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း တန်ဖိုးကြီးတဲ့မီးတောက်တခု ကမ္ဘာပေါ်က ကွယ်ပျောက်ခဲ့ပြီလို့ သူ့ရဲ့ တွီတာစာမျက်နှာမှာ ရေးခဲ့ပါတယ်။ မစ္စတာမန်ဒဲလားဟာသူ့ရဲ့ သူရဲကောင်းဖြစ်ပြီး၊ အခု ကွယ်လွန်သွားတဲ့အတွက် သူ့ရဲ့ ဝန်ကြီးချုပ်ရုံး အမှတ်၁၀ ဒေါင်းနင်းလမ်းအိမ်မှာ အလံတိုင်ဝက် လွင့်ထူဖို့ ပြောထားတယ်လို့လည်း မစ္စတာကင်မရွန်က ရေးထားပါတယ်။