ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း
"ဆိုရှယ်မီဒီယာရဲ့ လုပ်ဆောင်ချက် ပုံသဏ္ဌာန်ဟာ ဒေါသတွေနဲ့ အမုန်းတရား အကျိုးဆက်တွေကို ဖြစ်ပေါ်စေတယ်။ အဲဒီအကျိုးဆက်တွေကြောင့် ကမ္ဘာပေါ်မှာ အာဏာရှင်ဆန်မှုကို လက်ခံယုံကြည်လာမှုတွေ မြင့်တက်လာနေတဲ့ အခြေအနေဟာ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်နေတယ်။ "
"မလိုမုန်းထားတဲ့ မုသားတွေကို တန်ပြန်တိုက်ဖျက်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ လွတ်လပ်တဲ့ ဂျာနယ်လစ်စ်တွေ အတူတကွ ရပ်တည်အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်" လို့ East-West Center ရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီလိုပြောကြားခဲ့တာကတော့ မာရီယာရက်ဆာ(Maria Ressa)ပါ။ အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမှာ "Connection in a Zero-Trust World” ခေါင်းစဉ်နဲ့ ဇွန်လ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာဆိုင်ရာ မီဒီယာကွန်ဖရင့်အဖွင့် မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မာရီယာရက်ဆာဟာ ဖိလစ်ပိုင်နိုင်ငံသား၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချန်ပီယံတစ်ဦးဖြစ်ပြီး၊၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ မီဒီယာကွန်ဖရင့် တက်ရောက်ဖို့ ဟာဝိုင်ယီကို ရောက်ရှိနေတဲ့ မာရီယာရက်ဆာဟာ အဖွင့်မိန့်ခွန်း မပြောကြားခင်ညမှာပဲ သူဦးဆောင်လုပ်ကိုင်နေတဲ့ အွန်လိုင်းမီဒီယာ Rappler.com ကို ဖိလစ်ပိုင်အာဏာပိုင်တွေက ပိတ်သိမ်းလိုက်တဲ့အကြောင်း သတင်းကို သူ့ရှေ့နေဆီက ကြားသိလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လတ်တလောမှာ အနားယူသွားတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းတွေမှာ လူတွေကိုသတ်တာ၊ ဒူတာတေးရဲ့ အာဏာအလွဲသုံးစား လုပ်ရပ်တွေကို ဝေဖန်ရေးသား၊ ထောက်ပြခဲ့တာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် မာရီယာရက်ဆာဟာ သမ္မတသစ်ဖြစ်လာတဲ့ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ရဲ့သား မားကို့စ် ဂျူနီယာကိုလည်း ဆက်လက်ဆန့်ကျင်ဝေဖန်ဖို့ ဆုံးဖြတ်ချက်ချထားလို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုကော်မတီကတော့ မာရီယာရက်ဆာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားအားထုတ်သူ ဖြစ်တယ်။ အဲဒါဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဟာဝိုင်ယီမှာ East-West Center က ဦးဆောင်ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာမီဒီယာကွန်ဖရင့်မှာ နိုင်ငံပေါင်း ၆၀ ကျော်က ထင်ရှားတဲ့ သတင်းစာသမားတွေအပါအဝင် သတင်းမီဒီယာသမား ၂၀၀ ကျော် လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး အွန်လိုင်းကနေ ၂၅၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မီဒီယာကွန်ဖရင့်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ခြိမ်းခြောက်ခံနေရတဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ လူထုယုံကြည်မှုရဖို့ မီဒီယာတွေကို ဘယ်လို ပြန်တည်ဆောက်ကြမလဲ၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့ သတင်းမှား၊ သတင်တုတွေကိစ္စနဲ့ ရာသီဥတုပြောင်းလဲလာမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ဒီမီဒီယာကွန်ဖရင့်ကို မြန်မာနိုင်ငံက ဂျာနယ်လစ်စ်တချို့လည်း တက်ရောက်ခဲ့ပါတယ်။ ကွန်ဖရင့်ရဲ့ ပထမနေ့မှာ မြန်မာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးစိုးမြင့်ကို “Journalists of Courage and Impact Award”ဆုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ဦးစိုးမြင့်ဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက်
အန္တရာယ်တွေ၊ အခက်အခဲတွေကြားက စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့တဲ့အတွက် ဒီဆုကိုရရှိခဲ့တာလို့ ဆိုပါတယ်။
ဒီညီလာခံကို မြန်မာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ ဒေါ်သင်းသီရိလည်း တက်ရောက်ခဲ့ပါတယ်။ ဒေါ်သင်းသီရိက ဟိုနိုလူလူမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ မီဒီယာကွန်ဖရင့်အကြောင်းကို အခုလိုပြောပြပါတယ်။
"Zero-Trust World ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ နိုင်ငံတကာ သတင်းသမားညီလာခံမှာတော့ ကမ္ဘာကြီးမှာ ယုံကြည်မှုတွေ ပိုပြီးလျော့ကျလာနေတာတွေ့ရတယ်။ ဒီမိုကရေစီ စံချိန်၊ စံညွှန်းတွေ လျော့ကျလာတယ်။ နောက်တစ်ခါ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းတွေမှာလည်း ထိခိုက်လျော့ပါးလာနေတယ်။ ဒီလိုအခြေအနေဘက်ပေါင်းစုံမှာ စိတ်ချယုံကြည်ရမှု လျော့ပါးလာနေတာကို တွေ့ရတယ်။ အထူးသဖြင့်တော့ သတင်းမှန်တွေကို မသိရတာ၊ သိခွင့်မရတာ၊ သတင်းအမှန်တွေကို သတင်းမှားတွေနဲ့ ဖုံးပြစ်တာတွေကို သတင်းသမားတွေ ဝိုင်းပြီးကာကွယ်ကြဖို့ဆိုတဲ့ တိုက်တွန်းချက်တွေကို ဒီအစည်းအဝေးမှာ အဓိကတွေ့ရပါတယ်။ ဒီညီလာခံမှာ ဒုတိယ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အခြေအနေတွေကိုလည်း ဆွေးနွေးကြပါတယ်။ နောက်တစ်ခုကတော့ ရုရှားအရေးနောက်မှာ မြန်မာ့အရေး၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်စတဲ့ နိုင်ငံတွေမှာ ရှိတဲ့သတင်း
သမားတွေရဲ့ လုံခြုံမှု၊အကာအကွယ်မဲ့နေတဲ့ အခြေအနေတွေကိုလည်း ဒီအစည်းအဝေးကြီးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။"
ဒီနေ့ကမ္ဘာကြီးဟာ ယုံကြည်စိတ်ချရမှုအပိုင်းတွေ အဘက်ဘက်မှာ လျော့ကျလာနေတာ တွေ့ကြရမှာဖြစ်ပါတယ်။သတင်းမီဒီယာကဏ္ဍ၊စီးပွားရေးကဏ္ဍနဲ့ အစိုးရပိုင်းတွေမှာပါ ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။ အရည်အသွေးရှိတဲ့ ဂျာနယ်လစ်စ်တွေလည်း ဆုတ်ယုတ်ကျဆင်းလာနေပါတယ်။ အွန်လိုင်းကမ္ဘာဟာ တကယ့်လက်ရှိကမ္ဘာကို ထိခိုက်ပျက်စီးစေတယ်ဆိုတာကို ပထမပိုင်းမှာ လက်မခံခဲ့ကြပါဘူး။ တရားဥပဒေပြုသူတွေ၊ မူဝါဒချမှတ်သူတွေဟာ အွန်လိုင်းကမ္ဘာနဲ့ လက်ရှိတကယ့်ကမ္ဘာကို ဆက်စပ်မှုမရှိတဲ့ ကမ္ဘာနှစ်ခုလို့ထင်ခဲ့ကြပါတယ်။ အွန်လိုင်းကမ္ဘာဟာ တကယ့်အပြင်လောက မဟုတ်ဘူးဆိုတဲ့ လစ်လျှူရှုမှုတွေကြောင့် တရားဥပဒေစိုးမိုးရေးကို အားနည်းစေခဲ့ပါတယ်လို့ ဟိုနိုလူလူ နိုင်ငံတကာမီဒီယာကွန်ဖရင့်မှာ Key note speaker ဖြစ်တဲ့ မာရီယာရက်ဆာ က ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် အာဏာရှင်အစိုးရတွေဟာ သတင်းမှန်တွေကို သတင်းမှားတွေနဲ့ ဖုံးပစ်ခဲ့
ကြတယ်လို့ East-West Center သတင်းမီဒီယာမန်နေဂျာရဲ့ ပြောကြားချက်ကိုလည်း မဇ္ဈိမသတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုစိုးရိမ်စရာ အခြေအနေတွေကို တားဆီးကာကွယ်နိုင်ဖို့ဆိုရင် တစ်ဦးတစ်ယောက်တည်းလုပ်လို့ မရနိုင်ပါဘူး။ လွတ်လပ်တဲ့ ဂျာနယ်လစ်စ်တွေ အတူတကွ လက်တွဲလုပ်ကြဖို့ လိုအပ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ အကောင်းဆုံးနည်းလမ်းပါပဲလို့ မာရီယာက်ဆာက ဆိုကြောင်းပါ။
===Unicode ====