ဒေါ်လာသန်းကျော်တန် အရက်ပုလင်း အခိုးခံရမှု ဒိန်းမတ်ရဲတွေ အလုပ်ရှုပ်

ဒိန်းမတ်နိုင်ငံ Copenhagenက Cafe 33 အရက်ဆိုင် ကနေ ပျောက်သွားတဲ့ အမေရိကန်ဒေါ်လာ ၁.၃ သန်း တန် vodka အရက်ပုလင်း။ (ဇန်နဝါရီ -၂၀၁၈)

ဒိန်းမတ်နိုင်ငံ Copenhagen က ရဲတွေဟာ ကမ္ဘာ့ဈေးအကြီးဆုံး အရက်ပုလင်း ပျောက်မှုကြီးကို စုံစမ်းနေကြပါတယ်။ အခိုးခံရတဲ့ vodka အရက်ပုလင်းဟာ အမေရိကန်ဒေါ်လာ ၁.၃ သန်း တန်ပါတယ်။

Cafe 33 အရက်ဆိုင် ကနေ ပျောက်သွားတဲ့ ဒီအရက်ပုလင်းဟာ ဆိုင် အဖေါက်ခံရတာလား သော့နဲ့ဖွင့်ဝင် ခိုးသွားတာလားး ဆိုတာ ပြောဖို့ စောပါသေးတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ တခြား ဘာပစ္စည်းမှ မပျောက်ပဲ အရက်တပုလင်းသာ ပျောက်နေတာပါ။ အခုလို အခိုးခံရတာကို အင်္ဂါနေ့က ရဲကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အရက်ပုလင်း မပျောက်ခင် အချိန်က မျက်နှာဖုံးတပ်ထားတဲ့ လူတယောက် လက်နှိပ်ဓါတ်မီးနဲ့ ထိုးပြီး ရှာဖွေနေတဲ့ CCTV ဗီဒီယိုခွေကိုအရက်ဘားဆိုင်ရှင် Brian Ingberg က AP သတင်းဌာနကို ပြသခဲ့တာပါ။

ပျောက်ဆုံးသွားတဲ့ Russo-Baltique အရက်ပုလင်း ဟာ ရွှေနဲ့ ငွေ ၃ ကီလိုဂရမ် - ၆.၆ ပေါင်စီနဲ့ လုပ်ထားတာ ဖြစ်ပြီး အဖုံးမှာ စိန်စီထားတယ်လို့ ဒိန်းမတ်က လာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီအရက်ဘားမှာ vodka ပုလင်းပေါင်း ၁၂၀၀ ရှိပါတယ်။ ပျောက်သွားတဲ့ ပုလင်းကတော့ ရုရှား လုပ်ငန်းရှင် တဦးဆီက ငှါးထားတာ ဖြစ်ပြီး အာမခံလည်း မထားထားဘူးလို့ ဆိုင်ရှင်ကပြောပါတယ်။

Your browser doesn’t support HTML5

ဒေါ်လာသန်းကျော်တန် အရက်ပုလင်း အခိုးခံရမှု ဒိန်းမတ်ရဲတွေ အလုပ်ရှုပ်