ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၇,၀၀၀ ကို ရောက်ရှိသွားပြီလို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။ သန်းပေါင်း ၇,၀၀၀ မြောက်လူသားကလေးတွေကို ကမ္ဘာအနံှ့ ဖွားမြင်ခဲ့ကြတာမှာ ဖိလစ်ပိုင်ဟာ ဒီမွေးဖွားမှုအတွက် ပထမဆုံးနိုင်ငံ ဖြစ်တယ်လို့သတ်မှတ်ပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။
မနေ့က တနင်္ဂနွေနေ့ အောက်တိုဘာ ၃၀ ရက်နေ့ ညဉ့်နက်ပိုင်းက မနီလာမြို့တော်က မနီလာဆေးရုံမှာ Danica May Camacho ဖွားမြင်ခဲ့တဲ့ သမီးငယ်လေးကို သန်း ၇,၀၀၀ မြောက် လူသားအဖြစ် သတင်းတွေမှာ ဖော်ပြကြသလို Plan International အမည်ရ နိုင်ငံတကာ စေတနာ့ဝန်ထမ်းအဖွဲ့ကြီးကတော့ အိန္ဒိယမှာ အောက်တိုဘာ ၃၀ ရက်နေ့ကပဲ ဖွားမြင်ခဲ့တဲ့ သမီးငယ်လေးက သန်း ၇,၀၀၀ မြောက် လူသားဖြစ်တယ်လို့ ကြေညာပါတယ်။ မကြာခင်မှာ လူဦးရေအရ တရုတ်နိုင်ငံကို ကျော်တက်သွားနိုင်တဲ့ အိန္ဒိယနိုင်ငံမှာလည်း သန်း ၇,၀၀၀ မြောက် လူသားဖွားမြင်မှု ပွဲတော်တွေ ဆင်နွဲှပျော်ရွှင်နေကြပါတယ်။
ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇,၀၀၀ ကို ရောက်လာတယ်ဆိုတာဟာ လူသားတွေ ပိုမို အသက်ရှည် လာကြတာနဲ့ လူသားမွေးဖွားမှုနှုန်း တိုးတက်လာမှုရဲ့ သမိုင်းမှတ်တိုင် ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့လူဦးရေဆိုင်ရာ အကြီးအကဲ မစ္စတာ Heiling က ရှုမြင်ပါတယ်။ အာဖရိကတိုက် ဆာဟာရ သဲကန္တရတဝိုက်က တစ်ဦးချင်းဝင်ငွေနိမ့်ကျလှတဲ့ နိုင်ငံတွေနဲ့ အာရှတိုက်က တစ်ဦးချင်းဝင်ငွေနည်းပါးလှတဲ့ နိုင်ငံတွေမှာတော့ လူဦးရေတိုးပွားနှုန်းက ဒီနိုင်ငံတွေရဲ့ စီးပွားရေးကြီးထွားမှုနှုန်းကို ကျော်တက်နေတယ်လို့ ရှုမြင်နေကြကြောင်း ကုလသမဂ္ဂရဲ့ လူဦးရေရန်ပုံငွေအဖွဲ့က အရာရှိတွေက ပြောကြပါတယ်။
ဥရောပနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတွေမှာတော့ သေဆုံးမှုနှုန်းက မွေးဖွားမှုနှုန်းထက် နိမ့်ကျလာတာကြောင့် သက်ကြီးရွယ်အိုတွေ များပြားလာပြီးတော့ အလုပ်လုပ်နိုင်တဲ့ လူငယ်လူလတ်လူဦးရေ ရှားပါးလာမှာနဲ့ လူသားတွေရဲ့ ဘဝအဆင့်အတန်းတွေ ကျဆင်းလာကြမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ နောက်ဆုံးရရှိထားတဲ့ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ လာမယ့်သက္ကရာဇ် ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၉,၀၀၀ ကို ရောက်ရှိလာမှာ ဖြစ်ပြီးတော့ လူသားတွေရဲ့ မွေးဖွားနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ အခုအတိုင်း အချိုးအစား မပြောင်းမလဲဘဲ ရှိခဲ့ရင် လာမယ့် ၂၁ ရာစုအကုန်မှာ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၁၀,၁၀၀ ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။