ဆင်းရဲမှု တိုက်ဖျက်ရေး ကုလနှိုးဆော်

ဆင်းရဲမှု တိုက်ဖျက်ရေး ကုလနှိုးဆော်

ဆင်းရဲမှု တိုက်ဖျက်ရေး ကုလနှိုးဆော်

နောက်လာမယ့် ၅ နှစ်အတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယ ကင်းစင်ရေး စတာတွေကို အလျှင်အမြန် လျှော့ချနိုင်ရေးအတွက် လုပ်ဆောင်နေတာတွေကို ထပ်ပြီး ခိုင်ခိုင်မာမာ လုပ်ဆောင်သွားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ နယူးယောက်ခ်မြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ညီလာခံကို တနင်္လာနေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီညီလာခံကို နိုင်ငံပေါင်း ၁၄၀ က သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအစီအစဉ်က အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုတွေကို ဖြေရှင်းရေး၊ ကလေးသူငယ် သေဆုံးမှု လျှော့ချရေး၊ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ရေးနဲ့ အခြေခံပညာ ရရှိရေးအတွက် သေသေချာချာ လုပ်ဆောင်ပေးရေး အပါအဝင် ကဏ္ဍ ၈ ခုမှာ တိုးတက်ကောင်းမွန်လာအောင် လုပ်သွားဖို့ ဖြစ်ပါတယ်။

ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက် တိုးတက်မှုတွေ ရှိလာတဲ့ အပေါ်မှာ မစ္စတာ ဘန်ကီမွန်းက အသိအမှတ် ပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် လုပ်စရာတွေ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီရည်မှန်းချက်တွေက မျှော်လင့်ချက် ကြီးကြီးမားမား ပေးထားတာဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့လည်း သူတို့ပေးထားတဲ့ ကတိကို တည်ဖို့လိုတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဒါ့အပြင် ပြင်သစ်သမ္မတ နီကိုလာ ဆာကိုဇီ (Nicolas Sarkozy) ကလည်း ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ သူတို့ သန္နိဋ္ဌာန် ချထားတာကို ပြည့်မီအောင် လုပ်ဖို့အတွက် နည်းလမ်းတွေကို ရှာကြဖို့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ အနေနဲ့လည်း နောက် ၃ နှစ် အတွင်းမှာ AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ ရန်ပုံငွေအတွက် ၂၀% ထပ်ပြီး တိုးပေးသွားမယ်လို့ ပြောလိုက်ပါတယ်။