ယေးလ်တက္ကသိုလ် World Scholar’s Cup ဆုရ မောင်ဝင်းမိုး

ယေးလ်တက္ကသိုလ် World Scholar’s Cup ဆုရ မောင်ဝင်းမိုး

အမေရိကန်ပြည်ထောင်စု နာမည်ကျော် ယေးလ် တက္ကသိုလ်မှာ နိုဝင်ဘာလ ၁၆-၂၁ ရက်နေ့ထိ ကျင်းပတဲ့ နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တဲ့ World Scholar’s Cup ကမ္ဘာ့ပညာရှင် ဖလားဆု ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၉ တန်းကျောင်းသား မောင်ဝင်းမိုးဟာ ရွှေတံဆိပ်ဆု ၁ ခုနဲ့ ငွေတံဆိပ်ပေါင်း ၈ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေအနေနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဝန်မလေးကြဖို့လည်း မောင်ဝင်းမိုးက တိုက်တွန်းခဲ့ပါတယ်။

ပြိုင်ပွဲအပြီး ဝါရှင်တန်ဒီစီကို လာရောက်ချိန် ဗွီအိုအေ စတူဒီယိုမှာ မအင်ကြင်းနိုင်ကတွေ့ဆုံမေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ မြန်မာနိုင်ငံက ၉ တန်းကျောင်းသား မောင်ဝင်းမိုးက နာမည်ကြီး ယေးလ်တက္ကသိုလ်မှာ ကျင်းပတဲ့ World Scholar’s Cup ကမ္ဘာ့ပညာရှင် ဖလားဆု ပြိုင်ပွဲမှာ ဆုတံဆိပ်တွေ အများကြီးရခဲ့တယ်။ အဓိကဘာတွေတင်ပြနိုင်ခဲ့လဲ။

မောင်ဝင်းမိုး။ ။ ပွဲမှာ အဓိကတင်ပြနိုင်ခဲ့တာကတော့ စကားရည်လုပွဲမှာ ဖြစ်ပါတယ်။ စကားရည်လုပွဲမှာ အချက်သုံးချက်ရှိတယ်။ အဲဒါတွေအပေါ် အခြေခံပြီး debate အပြန်အလှန် ပြန်ဆိုခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင်။။ ဘာအကြောင်းအရာတွေကို အဓိက စကားရည်လုခဲ့ကြလဲ။

မောင်ဝင်းမိုး။ ။ ပထမဦးဆုံးကျနော်တို့ စကားရည်လုခဲ့ကြတာက ဒီလို ချစ်သူနှစ်ဦးကြားမှာ မလိမ်ညာရဘူးဆိုတဲ့ အချက်ကို debate လုပ်ရတာဖြစ်ပါတယ်။ နောက်တချက်က သံတမန်ရေးရာမှာ အင်တာနက်ဟာ ပိုပြီးကောင်းတဲ့ သက်ရောက်မှုရှိတယ်လို့ ပြောခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ အစိုးရဟာ မှောင်ခိုဈေးကွက်တွေကိုထိန်းသိမ်းသင့်တယ်လို့ ပြောခဲ့ရတယ်။

အင်ကြင်းနိုင်။ ။ World Scholar’s Cup က ဘယ်လို အကြောင်းအရာတွေကို ပြိုင်ပွဲလုပ်တာလဲ။

မောင်ဝင်းမိုး။ ။ ဘယ်လိုအကြောင်းအရာတွေကို ပြိုင်ပွဲလုပ်သလဲဆိုရင် ဒီခေတ်ကမ္ဘာက အရမ်းကိုပြောင်းလဲနေတဲ့ ကမ္ဘာဖြစ်တယ်။ နောက်ပြီးတော့ ဆိုရှယ်မီဒီယာဆိုတဲ့ ပလက်ဖောင်းအသစ်တွေ ပေါ်လာတယ်။ လူတွေကို ဘယ်လိုပြောင်းလဲမှုရှိစေလဲ။ ကမ္ဘာကို ဘယ်လိုမျိုး ပြောင်းလဲမှုရှိလဲ။ အဲဒါတွေကို စဉ်းစားခိုင်းတယ်။ အဲဒီအကြောင်းတွေကိုလည်း သင်ပေးပါတယ်။ ကျနော်အဓိက စိတ်ဝင်စားတာက သံတမန်ကိစ္စပါ။ သံတမန်ရေးကိစ္စဆိုတာ နဂိုခေတ်ကတည်းကလည်းရှိတယ်။ နောက် ဒီခေတ်လည်းရှိတယ်။ အဲဒီထဲမှာပဲ အင်တာနက်ပေါ်လာတဲ့အတွက် ဒီသံတမန်ရေးကိစ္စတွေ ပိုမိုပြီးတော့ မြန်ဆန်လာတယ်။ အဲဒါကို စဉ်းစားပြီးတော့ အင်တာနက်က သံတမန်ရေးရာကို ဘယ်လိုသက်ရောက်မှုရှိလဲ။ အဲဒါတွေကို စဉ်းစားပြီးတော့ ကောင်းလား၊ မကောင်းဘူးလားဆိုတာကို စဉ်းစားပြီး ပြောရတာပေါ့။

အင်ကြင်းနိုင်။ ။ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံပေါင်း ဘယ်နှစ်နိုင်ငံရှိလဲ။

မောင်ဝင်းမိုး။ ။ အဲဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၅၂ နိုင်ငံရှိတယ်။ မြန်မာနိုင်ငံလည်းပါတယ်။ မြန်မာကျောင်းသားပေါင်း (၁၅)ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။

အင်ကြင်းနိုင်။ ။ ယေးလ်တက္ကသိုလ်မှာ ကျင်းပတဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲရောက်ဖို့ ဘယ်လိုအဆင့်ဆင့် ကျော်ဖြတ်ခဲ့ရလဲ။

မောင်ဝင်းမိုး။ ။ ဒီပြိုင်ပွဲကို ပထမဦးဆုံး ရန်ကုန်မှာ ပြိုင်ရတာဖြစ်ပါတယ်။ ရန်ကုန် YIS ဆိုတဲ့ ကျောင်းမှာ ပြိုင်ရတယ်။ အဓိကတဆင့်အောင်ခဲ့တဲ့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လုပ်တဲ့ Global Round မှာ ဝင်ရောက်ပြိုင်ခဲ့ရတယ်။ အဲဒီမှာ အောင်ခဲ့တဲ့အတွက် နောက်ဆုံး ယေးလ်တက္ကသိုလ်ကြီးမှာ လာရောက်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ဒီလိုမျိုး ပြိုင်ခွင့်ရဖို့ ဘယ်လိုပံ့ပိုးမှုတွေ ရခဲ့လဲ။

မောင်ဝင်းမိုး။ ။ ကျနော့်မိဘတွေကနေ လေယာဉ်ပျံဖိုး၊ ဟောတယ်ဖိုး ကုန်ကျခံခဲ့ရပါတယ်။ နောက် ပြိုင်ပွဲမှာ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်ဖို့လဲ ကျနော့်ကို အားပေးပါတယ်။

အင်ကြင်းနိုင်။ ။ မောင်ဝင်းမိုးက ရန်ကုန်မှာ ဘယ်ကျောင်းတက်လဲ။

မောင်ဝင်းမိုး။ ။ ကျနော်က မြန်မာနိုင်ငံမှာ International School of Myanmar မှာတက်ပါတယ်။

အင်ကြင်းနိုင်။ ။ ကိုယ့်ရဲ့အတွေ့အကြုံကို အခြေခံပြီး မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေကို ဘာများပြောချင်လဲ။

မောင်ဝင်းမိုး။ ။ ကျနော်ပြောချင်တာက မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေ ဒီလိုမျိုး ပြိုင်ပွဲဝင်ဖို့ ဝန်မလေးပါနဲ့။ စာကြိုးစားဖို့ အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အနာဂတ်ကလည်း ဒီအချိန်မှ စကြိုးစားမှ အနာဂတ်ကလည်း ကောင်းမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုလို မောင်ဝင်းမိုး ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အများကြီးဂုဏ်ယူပါတယ်။

Your browser doesn’t support HTML5

ယေးလ်တက္ကသိုလ် World Scholar’s Cup ဆုရ မောင်ဝင်းမိုး