မြန်မာကိုကာကွယ်တဲ့ တရုတ်နဲ့ ရုရှားကို Yang-hee Lee ဝေဖန်

လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တင်သွင်းနေသည့် ပါမောက္ခ Yang-hee Lee ။ ၁၂ မတ် ၂၀၁၈။

လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တင်သွင်းနေသည့် ပါမောက္ခ Yang-hee Lee ။ ၁၂ မတ် ၂၀၁၈။

မြန်မာ စစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ကန့်ကွက်ခဲ့တဲ့ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ ရုရှားရဲ့လုပ်ရပ်ဟာ ပိုပြီး အပြစ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

တနင်္လာနေ့ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအကျပ် မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ စစ်တပ်ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်းနဲ့ သူတို့ကို ICC ခုံရုံးတင် တရားစွဲဖို့ အကြံပြုထားပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တရုတ်နဲ့ ရုရှားကပဲ ကန့်ကွက်ခဲ့တဲ့အပေါ်မှာ Yanghee Lee က စီအန်န်အန်န်သတင်းဌာနနဲ့ မေးမြန်းခန်းမှာ အခုလို ပြောသွားပါတယ်။

“တရုတ်နဲ့ ရုရှားက အမြဲပဲ ဒီလို တုန့်ပြန်မယ်ဆိုတာ ကျမတို့ မျှော်လင့်ထားပြီသာပါ။ အရင်ကလည်း မြန်မာ့အရေးကိစ္စတက်လာတိုင်း သူတို့ ဒီလိုပဲ တုန့်ပြန်တာပါ။ ဒါပေမယ့် တကယ့်စိတ်ပျက်ဖို့ကောင်းတာက လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီးငါးနိုင်ငံပဲ ရှိတဲ့အထဲမှာ တရုတ်နဲ့ ရုရှားက ပါဝင်နေတာဖြစ်ပါတယ်။ ကျမထင်တာက သူတို့အနေနဲ့ ပိုပြီး ရှက်သင့်တယ်လို့ ထင်ပါတယ်။ သူတို့ကတော့ မရှက်ပါဘူး။ ဒီအတွက်လည်း ကျမ အလွန်ပဲ နာကျည်းမိပါတယ်။ လူတွေ စတင်ထုတ်ဖော်ပြောဆိုလာတဲ့ အချိန် ရောက်လာဖို့လိုပါတယ်။ အမြဲတမ်းအဖွဲ့ဝင် အဓိက ငါးနိုင်ငံကို လူတွေပြောဖို့လိုတာက သူတို့အနေနဲ့ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းတွေကို ထိန်းသိမ်းကာကွယ်လိုစိတ် မရှိဘူးဆိုရင် အခုလိုအရေးကြီးတဲ့ လံခြုံရေးကောင်စီမှာ ပါဝင်ဖို့ မသင့်ဘူး ဆိုတာပါ။”

မြန်မာ့အရေးနဲ့ပတ်သက်ရင် ရုရှားနဲ့ တရုတ်တို့ဘက်က သဘောထားတွေ ပြောင်းလဲလာဖို့ လိုအပ်ကြောင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးဖို့ တာဝန်ရှိကြောင်း Yanghee Lee ကပြောပါတယ်။

“သူတို့အတွက် ရပ်တည်ချက်တွေ ပြောင်းဖို့ဆိုတာ အမြဲတမ်းဖြစ်နိုင်ပါတယ်။ သူတို့ကို ကျမပြောချင်တာက တရုတ်ဟာ ကမ္ဘာ့စီးပွားရေးမှာ ထိပ်ဆုံးအောင်မြင်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာသလို ကမ္ဘာ့ဦးဆောင်နိုင်ငံ တနိုင်ငံ ဖြစ်လာနေတာပါ။ အဲဒီရဲ့ အဓိပ္ပါယ်ဆိုလိုရင်းက တကယ်တမ်း စီးပွားရေးနဲ့ ငွေရေးကြေးအရ ကမ္ဘာ့ ဦးဆောင်မှုနေရာမှာ ရှိရုံတင်မဟုတ်ဘဲ အခြားကဏ္ဍရပ်တွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ကမ္ဘာတဝန်းမှာ ရှိတဲ့ လူတွေအတွက် လူ့အခွင့်အရေးကို ကာကွယ်၊ မြှင့်တင်ဖို့ တာဝန်ရှိတယ်ဆိုတာကို အမှန်တကယ် ပြသ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စမှာ ICC ခုံရုံးကို ဆက်ပြီး လွဲှသင့်ကြောင်း လည်း Yanghee Lee က အခုလို အကြံပြုခဲ့ပါတယ်။

“ICC ခုံရုံးအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မဖြစ်မနေ ပြောသင့်ပါတယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် ဒီလိုကျူးလွန်မှုကို နောက်မျိုးဆက်ဆီ ဆက်ပြီး လက်ဆင့်ကမ်းတာမျိုး ဖြစ်လာပါ လိမ့်မယ်။ တချိန်တည်းမှာပဲ ပြစ်မှု ကျူးလွန်မှုကို တာဝန်ခံမှုရှိလာဖို့ လုပ်ထုံးလုပ်နည်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကျမ တောင်းဆိုထားပါတယ်။ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ချမှတ်မယ့် ဆုံးဖြတ်ချက်မှာ အဲဒီအချက်ကို ထောက်ခံလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေလည်း ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်သေအထောက်အထားတွေကို ကျမတို့ ဆက်လက် စုဆောင်းဖို့ လိုနေပါတယ်။”

ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကြီး ဖြစ်ပေါ်မလာအောင် ကာကွယ်ဖို့ ကုလသမဂ္ဂဘက်က တုန့်ပြန် ဆောင်ရွက်နိုင်ခဲ့ဲခြင်းမရှိတာကိုလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ဝေဖန်ထောက်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ ကြီးမားပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို ကုလသမဂ္ဂအနေနဲ့ တကယ်တမ်း ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း စီအန်န်အန်န်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။

Your browser doesn’t support HTML5

မြန်မာကိုကာကွယ်တဲ့ တရုတ်နဲ့ ရုရှားကို Yang-hee Lee ဝေဖန်