Yanghee Lee ထိုင်း-ဘင်္ဂလား ခရီးစဉ် တနင်္လာနေ့ စတင်မည်

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံ ၁၁ ရက်ကြာ ခရီးစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ တနလာၤနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ လုပ်ရပ်တွေက တဖက်သတ် ဆန်တယ်လို့ ပြောဆိုထားပြီး ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ ဆုံးဖြတ်ထားသလို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကတည်းက ပြည်ဝင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီလီကတော့ မြန်မာ အစိုးရနဲ့ ဆက်ပြီး စေ့စပ်ညှိနှိုင်းသွားနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်း၊ မြန်မာ ပြည်သူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတဝန်းက လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်နေကြရတဲ့ မြန်မာ ဒုက္ခသည် စခန်းတွေ ရှိရာ ထိုင်းနိုင်ငံကို ဒီကနေ့ ၁၄ ရက်နေ့မှာ မစ္စ လီ သွားရောက်မှာ ဖြစ်ပြီး ဒီနောက်မှာတော့ လာမယ့် ၁၉ ရက်နေ့မှာတော့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေရာ ဘင်္ဂလားဒေရှ့် နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံ မြို့တော် ဒါကာ အပြင် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရှိရာ ကောဇ့်ဘဇားက ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့လည်း အစီအစဉ်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည် တချို့ကို နေရာချထားပေးဖို့ စီစဉ်နေတဲ့ Bhashan Char ကိုလည်း သွားရောက်မယ့် အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ခရီးစဉ် အဆုံး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ ဒါကာ မြို့တော်က Ascott Residence ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။

အခု ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကိုတော့ ကုလ အထူးကိုယ်စားလှယ်က လာမယ့် မတ်လ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

Yanghee Lee ထိုင်း-ဘင်္ဂလား ခရီးစဉ် တနင်္လာနေ့ စတင်မည်