လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တရားဝင် အသက်ဝင်မှုနဲ့ ပတ်သက်လို့ မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ခံအဖွဲ့ဝင်တွေနဲ့ မြို့တော်ဝန်အပါအဝင် ရန်ကုန်တိုင်းအစိုးရတို့ကြား တင်းမာမှုတွေဖြစ်နေပါတယ်။ တည်ဆဲဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သက်တမ်းဟာ အစိုးရသက်တမ်းနဲ့အညီ ဖြစ်တယ်လို့ ဆိုပေမယ့်၊ ရွေးချယ်ခံ ကော်မတီဝင်တွေ ကတော့ ကော်မတီဝင်သစ်တွေကို မရွေးချယ်ရသေးသရွှေ့ သူတို့ အနေနဲ့ ကော်မတီဝင်အဖြစ် တရားဝင် တာဝန် ထမ်းဆောင်ခွင့် ရှိနေတုန်းပဲလို့ဆိုနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကို မြို့တော်ဝန်က ပြင်ဆင်ချက် လုပ်လာတဲ့နောက် မြို့တော်ဝန်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးချယ်ခံ အဖွဲ့ဝင်တွေအကြား အပြန်အလှန်တင်းမာမှုတွေ ဖြစ်လာတာပါ။ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်တွေကို တာဝန်က ရပ်စဲတဲ့ အကြောင်း သတင်းတွေပေါ်ထွက်ခဲ့ပြီးနောက်၊ ဒီနေ့ရန်ကုန်မြို့တော်ခမ်းမမှာ ရွေးကောက်ခံ ကော်မတီဝင် အချို့ ရုံးထိုင်ဖို့ လာရောက်ရာကနေ ပေးမဝင်လို့ ရန်ကုန်မြို့တော်ခန်းမ လုံခြုံရေးတွေနဲ့ ထိပ်တိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ရုံးထဲကို ဝင်ခွင့်ရသွားပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်သည့်နည်းဥပဒေကို ရန်ကုန်တိုင်းအစိုးရက မေလ ၁၆ ရက်နေ့က ပြင်ဆင်လိုက်တဲ့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာလက်ရှိတာဝန်ထမ်း ဆောင်နေတဲ့ ကော်မတီအဖွဲ့ဝင်အားလုံး တာဝန်က ရပ်စဲခြင်းခံလိုက်ရတဲ့ သဘောဖြစ်သွားတာပါ။ ရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေကို ရန်ကုန် မြို့တော်ဝန်က ပြင်ဆင်ဖို့ ကြိုးစားနေချိန်မှာ အခုလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာရတာပါ။
တကယ်တော့ နောက်ထပ် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် အသစ်တွေ ရွေးချယ် ကျမ်းသစ္စာကြိမ်တဲ့အချိန်ထိ သူတို့ကော်မတီဝင် တွေက တရားဝင် လုပ်ပိုင်ခွင့် ဆက်ရှိနေမှာဖြစ်ကြောင်း ၂၀၁၄ ဒီဇင်ဘာလမှာ ပြည်သူတွေက ရွေးချယ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် အနောက်ပိုင်းခရိုင်ကိုယ်စားလှယ် ဇောတိက ဦးခင်လှိုင်က ပြောပါတယ်။
“ကျနော်တို့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ သက်တမ်းဟာ အစိုးရအဖွဲ့ရဲ့ သက်တမ်းလို့ ဆိုတာဖြစ်တဲ့အတွက် ၂၀၁၆ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ကျနော်တို့ ကော်မတီ သက်တမ်းကုန်ဆုံးသွားတာဖြစ်တဲ့အတွက် ဒီကော်မတီမှာပါဝင်ကြတဲ့ ဥက္ကဌမြို့တော်ဝင်အပါအဝင် အစိုးရခန့်အပ်တဲ့ ကော်မတီ ၄ ဦးဟာ အလိုအလျှောက် ရာထူးကနေ အနားယူသွားပြီဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲနည်းဥပဒေဆိုတာရှိနေပါတယ်။ အဲဒီရွေးကောက်ပွဲနည်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ နည်းဥပဒေ ၆၄ မှာ ပြဌာန်းထားတာကတော့ ကျနော်တို့ ရွေးကောက်တင်မြှောက်ခံ ကော်မတီဝင်များအားလုံးသည် နောက်လာမယ့် ရွေးကောက်ပွဲမလုပ်မချင်း နောက်လာမယ့်ရေးကောက်ပွဲ ပြုလုပ်ခဲ့မည်ဆိုရင်လည်း အဲဒီရေးကောက်ပွဲကနေ သစ္စာဓိဌာန် ဆိုပြီးတဲ့အထိ နောက်တက်လာမည့်သူများကို တာဝန်လွှဲပြောင်းပေးသည်အထိ တာဝန်ထမ်းဆောင်ပေးရမည်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။ အဲဒီရဲ့ ပြဌာန်းချက်အရ ကျနော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ ရွေးချယ်ခံရတဲ့ အရှေ့၊အနောက်၊တောင်၊မြောက် လေးဦးအပါအဝင် မြို့နယ်ခရိုင်အဆင့်ဆင့်မှာရှိတဲ့ ၁၁၅ ဦးသောကော်မတီဝင်တွေဟာ ယနေ့ထိ တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။ အဲဒါကတော့ ဥပဒေပါအတိုင်းဆောင်ရွက်တာရှိပါတယ်။”
ဒါပမေယ့် မြို့တော်စည်ပင်သာယာရေး ဥပဒေ အခန်း(၂) အပိုက်(၁၀)မှာတော့ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်တွေရဲ့ သက်တမ်း ဟာ အစိုးရရဲ့သက်တမ်းနဲ့အညီသာ ဖြစ်စေရမယ်လို့ ပြဌာန်းထားတာပါ။ အဲဒီဥပဒေဟာလည်း သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်ထဲ ပြင်ဆင်ချက် လုပ်ခဲ့တဲ့ ဥပဒေတွေဖြစ်ပြီး အဲဒီဥပဒေအရ ၂၀၁၄ ဒီဇင်ဘာလထဲ စည်ပင်သာယာ ရွေးကောက်ပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားဟောင်း ဒေါ်ညိုညိုသင်းကတော့ ဥပဒေအရ ဒီကော်မတီရဲ့ သက်တမ်း ကုန်ဆုံးသွားပြီလို့ ဆိုသလို၊ နည်းဥပဒေပြင်ဆင်ဖို့ ကိစ္စမှာ မြို့တော်ဝန်မှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။
“မြို့တော်ဝန်အသစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကို ပြင်လိုက်တယ်တဲ့။ သူကလုပ်ပိုင်ခွင့်ရှိတယ် ဒါပေမယ့်အဲဒါကို လွှတ်တော်ကို တင်ရမယ်။ လွှတ်တော်တင်ပြီးတော့ အဲဒီလွှတ်တော်က မကန့်ကွက်ရင်တော့ ရှိနေတဲ့ဟာတွေက တရားဝင်တယ်လေ။ လွှတ်တော်ကလည်း ကန့်ကွက်မယ်လို့မထင်ဘူးလေ။ လွှတ်တော်က ကန့်ကွက်ရင်တော့ နည်းဥပဒေကို ပြန်ပြင်ရမှာပေါ့နော်။”
ရန်ကုန်မြို့တော်ဝန်က ပြင်ဆင်ထားတယ်ဆိုတဲ့ မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေကိုတော့ မေလ ၁၈ ရက် မနက်ဖြန်မှာ ကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်း ဆွေးနွေးမှာဖြစ်ပါတယ်။ ဥပဒေအရဆိုရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ကော်မတီဝင် ၉ ဦးနဲ့ ဖွဲ့စည်းတာဖြစ်ပြီး၊ မြို့တော်ဝန်နဲ့ အစိုးရက ခန့်ထားတဲ့ ကိုယ်စားလှယ်လေးဦး၊ ရွေးကောက်တင်မြောက်ခံရသူ လေးဦးတို့ ပါဝင်ကြပါတယ်။
Your browser doesn’t support HTML5