အမေရိကန်စင်တာအသစ်ဖွင့်ပွဲ အကြို ရှင်းလင်း

New American center

အမေရိကန်စင်တာ အဟောင်းကို နေရာပြောင်းရွှေ့ပြီး စင်တာအသစ်ကိုတော့ အရင်စင်တာ အဟောင်း ထက် ပိုမိုကောင်းမွန်အောင်တည်ဆောက်ခဲ့ပြီးမကြာခင်မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။အခု အသစ်ဖွင့်လှစ်မယ့် အမေ ရိကန် စင်တာအသစ်ဟာ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ အခြား စင်တာတွေထက်ကြီးတဲ့ စင်တာတခုဖြစ်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မကြာခင်မှာဖွင့်လှစ်တော့မှာဖြစ်တဲ့ အမေရိကန်စင်တာအသစ်ကို ဒီကနေ့ မတ်လ ၃၀ ရက်မှာ သတင်းမီဒီယာ တွေနဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။ ဒဂုံမြို့နယ် တော်ဝင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ စင်တာအဟောင်းကနေ တက္ကသိုလ် ရိပ်သာလမ်းနဲ့ အင်းလျားလမ်းထောင့်ကို ပြောင်းလဲဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

အရင်စင်တာအဟောင်းက မြေနေရာငှားရမ်းဖွင့်လှစ်နေရတာဖြစ်ပြီး အခုစင်တာအသစ်ဟာ အမေရိကန် အစိုးရပိုင်တဲ့မြေနေရာမှာပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စင်တာအသစ်ကိုပိုမိုကောင်းမွန်အောင်တည် ဆောက်ထားပြီး ဒစ်ဂျစ်တယ်နည်းပညာတွေအသုံးပြုပြီး လေ့လာ သင်ယူလို့ရ အောင် ပြုလုပ်ထားတယ်လို့ စင်တာတာဝန်ခံ ကိုကျော်ခိုင်ကပြောပါတယ်။

"ဟိုမှာကတော့ Traditional ပေါ့နော် Traditional library ပုံစံမျိုး Traditional class room ပုံစံမျိုးနဲ့ ကျနော်တို့ သွားခဲ့တာပေါ့နော်။ အဲဒီအတွက် ဘာကွာသလဲဆိုတော့ အဓိကတော့ အရင်အမေရိကန်စင်တာအဟောင်းတုန်းကလည်း မြန်မာပြည်လူငယ်တွေအတွက် ကမ္ဘာကြီးကို ထွက်ကြည့်လို့ရတဲ့ ပြတင်းပေါက်တခုဖြစ်ခဲ့တယ်ပေါ့နော်။ အဲဒီလိုပဲ အခုအမေရိကန်စင်တာအသစ်ကြီးကတော့ ဒီထက်ပိုပြီးကောင်းမွန်တယ်၊ ဒီထက်ပိုပြီးကျယ်ဝန်းတဲ့ ပြတင်းပေါက်တခုပေါ့နော် လူငယ်တွေအတွက် အဲလိုမျိုး ဖွင့်ပေးလိုက်တာပေါ့နော်။ နောက်တခုက စာသင်တဲ့ နည်းစနစ်ပိုင်းမှာလည်း ဒီအတိုင်းပဲ အရင်တုန်းက ကျနော်တို့ white board နဲ့ သင်တယ်၊ အခုက ကမ္ဘာကြီးကို တိုက်ရိုက်စာသင်လို့ရတယ်။ဆိုလိုတဲ့သဘောက ဒီ စမတ်ဘုတ်ပေါ်မှာပဲ interactive ကျောင်းသားတွေကိုလိုသလို လုပ်ပေးလို့ရတယ်။"

အခုအသစ်ဖွင့်လှစ်တော့မှာဖြစ်တဲ့ အမေရိကန်စင်တာအသစ်ဟာ ကမ္ဘာတဝှမ်းလုံးက တခြားနိုင်ငံတွေမှာ ရှိတဲ့ စင်တာတွေထက်ကြီးတဲ့ စင်တာတခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး တို့ အတွက် အခုလို ကြီးမားတဲ့ စင်တာဖြစ်အောင် ရင်းနှီးမြှုပ်နှံတာဖြစ်တယ်လို့ ကိုကျော်ခိုင်က ဆက်ပြောပါတယ်။

" အမေရိကန်စင်တာအသစ်ကြီးက အမေရိကန်အစိုးရအနေနဲ့ တခြားနိုင်ငံတွေမှာတောင်မတူပဲ မြန်မာနိုင်ငံကို ဘားဂျတ်အများဆုံးရင်းနှီးပြီးတော့ မြန်မာပြည်သူလူထုအတွက် ဖွင့်ပေးထားတာပေါ့နော်။ ဒီမြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီ ပြောင်းလဲရေးတလျှောက်လုံးမှာ အမေရိကန်စင်တာ တထောင့်တနေရာကနေပြီးတော့ အရေးပါတဲ့အနေအထားနဲ့ ပါဝင်ခဲ့တယ်။ အဲဒီအတွက် အမေရိကန်စင်တာကလည်း တခြားနိုင်ငံတွေနဲ့ မတူပဲ အမေရိကန်အစိုးရအနေနဲ့ ပိုပြီးတော့ focus လုပ်ပြီး peace prosperity and Democracy, Human Rights ဒီလေးခုကို အတတ်နိုင်ဆုံးထောက်ပံ့တဲ့ သဘောပါ။"

အမေရိကန်စင်တာမှာ သင်တန်းတက်နေတဲ့ ကို Nicky ကတော့ စင်တာအသစ်ပြောင်းလဲဖွင့်လှစ်မယ့်အပေါ် သူ့ရဲ့အမြင်ကို အခုလိုပဲပြောပြပါတယ်။

"အရင် AC (American Center) နဲ့ အခု AC က ဘာကွာသလဲဆိုတော့ အရင်တုန်းက အတန်း တက်ရင် ကျနော်တို့ တခုခုစားချင်ရင် ဝယ်ဖို့ နေရာမရှိဘူး။ ဒီမှာတော့ ကျနော်တို့ စားချင်ရင် အောက်ဆင်းပြီး ဝယ်စားလို့ရတယ် အဲဒါလေးအဆင်ပြေတယ်။ ပြီးတော့ library က အရင်ထက်စာရင် ပိုပြီးတော့ ကျယ်သွားတယ် ပြီးတော့ ကျနော်တို့ သုံးတဲ့ နည်းပညာတွေကအစ စာရွက်စာတန်း ပုံစုံလာတယ်ပေါ့ အတန်းတွေမှာဆိုရင်လည်း အရင်ထက် အတန်းတွေက ပိုများလာတယ်။ ပြီးတော့ အတန်းထဲက ပစ္စည်းတွေလည်း အရင်ကထက်ပိုစုံလာတယ်ပေါ့။ အဲဒီအတွက် ကျနော်တို့ စာသင်ရတာ အရမ်းအဆင်ပြေပါတယ်။"

စာကြည့်တိုက်မှာဆို လေ့လာဖတ်ရှုစရာ စာအုပ်ပေါင်း ၁၂၀၀၀ ကျော်ရှိပြီး ကွန်ပျူတာလက်တွေ့ခန်း အင်္ဂလိပ်စာသင်တန်းတွေအပြင် ဟောပြောခန်းမတွေပါဝင် ဖွဲ့စည်းတည်ဆောက်ထားသလို ပညာရေးဆိုင် ရာ အခမဲ့ တိုင်ပင်ဆွေးနွေးတဲ့ ဝန်ဆောင်မှုတွေကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

ဒါ့အပြင်စင်တာအသစ်မှာ လာရောက်လေ့လာသူတွေ စားသောက်လို့ရအောင် ကန်တင်းဖွင့်လှစ်ပေးထားပြီး အသင်းဝင်ကဒ်ပြားများကို အရင်ကလိုစောင့်ဆိုင်းစရာမလိုဘဲ နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ စင်တာကိုတော့ တနင်္လာနေ့ကနေ စနေနေ့အထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ပုံမှန်ဖွင့်လှစ်ထား မှာလည်းဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်စင်တာအသစ်ဖွင့်ပွဲအကြို ရှင်းလင်း


Your browser doesn’t support HTML5

အမေရိကန်စင်တာအသစ်ဖွင့်ပွဲ အကြို ရှင်းလင်း