ဗုံးကွဲအပြီး လုံခြုံရေး တင်းကျပ်မှုကြောင့် ရန်ကုန်မြို့ခံတွေ စိတ်ပျက်

ဗုံးကွဲအပြီး လုံခြုံရေး တင်းကျပ်မှုကြောင့် ရန်ကုန်မြို့ခံတွေ စိတ်ပျက်

လူတချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့က ပေါက်ကွဲမှုအပြီး လုံခြုံရေး အစီအမံတွေ တိုးမြှင့် ဆောင်ရွက်ရာမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ အလွန်အကျွံ လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ခရီးသည်တင်ကားတွေ၊ လူနေရပ်ကွက်တွေမှာ ရှောင်တခင် စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေအထိ လုံခြုံရေး အာဏာပိုင်တွေက လုပ်နေတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ တနင်္ဂနွေနေ့တုန်းက ပေါက်ကွဲမူတခု ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးတွေကို တိုးချလာရာမှာ ရန်ကုန် ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၂ လမ်းမကြီးပေါ်က ကျောက်လမ်းဂိတ်နဲ့ မစိုဂိတ်မှာ စစ်တပ်၊ ရဲ၊ မီးသတ်များ ချထားပြီး ခရီးသည်တင်ကားတွေကို စစ်ဆေးရာကနေ ခရီးသည်တွေနဲ့ အချေအတင် ဖြစ်ကြရတဲ့အထိ ကြုံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီလို ပေါက်ကွဲမှုတွေ ဖြစ်တိုင်းမှာ အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်မှုတွေ ပိုမိုလုပ်ဆောင်လာလေ့ရှိပြီး အခုနောက်ဆုံး ဆိုရင်လည်း အလုပ်သွား အလုပ်ပြန် ခရီးသည်တွေထဲက တချို့ဆိုရင် မသင်္ကာတဲ့အတွက်ဆိုပြီး ဖမ်းဆီးခံရတဲ့အထိ ကြုံနေရတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ခရီးသည်တဦးက ပြောပြပါတယ်။

“ခရီးသည်ကို သူက အိတ်ဖွင့်ခိုင်းတယ်၊ ခရီးသည်ကလည်း အိတ်ဖွင့်ပေးတယ်။ နောက် ခင်ဗျားက ဘာတာဝန်လဲလို့ မေးတော့ မင်းက ငါ့မေးရလား ဘာလားဆိုပြီး လက်သီးနဲ့ ထိုးမလို့ လုပ်တယ်။ ထိုးမလို့လုပ်တော့ စကားများတာပေါ့။ ခင်ဗျားဖွင့်ပေးခိုင်းတဲ့အတိုင်း ကျုပ်ဖွင့်တယ်၊ အဲဒါ ဘာဖြစ်လို့ ကျုပ်ကို ထိုးဖို့လုပ်တာလဲဆိုတော့၊ အဲဒီအချိန်မှာ နောက်က တွယ်စီးလာတဲ့ အထဲက လူတယောက်က နေပြီးတော့ ခင်ဗျားတို့ ခရီးသည်တွေကို ကြင်ကြင်နာနာ ဆက်ဆံပါ၊ ပြေပြေလည်လည် ဆက်ဆံပါ၊ အခုလိုပုံစံမျိုး မဆက်ဆံပါနဲ့ ဆိုတော့ စောစောက အိတ်ဖွင့်ပေးတဲ့ ကလေးကိုရော၊ အောက်ကပြောတဲ့ ကလေးကိုပါ မင်းတို့က ဘာကောင်တွေလဲ ဆိုပြီးတော့ အတင်းဆွဲပြီးတော့ လက်ထိပ်ခတ်ကွာ၊ ဘာညာနဲ့ ဆွဲခေါ်သွားတယ်။ အဲဒီ ၂ ယောက်ကို ထားခဲ့ရတယ်။

“သူတို့က ပြောသွားသေးတယ်၊ ခင်ဗျားတို့ လုံခြုံရေးအတွက်ပါတဲ့။ သူတို့ပြောတဲ့ ပုံစံက ကျနော်တို့ ပြည်သူလူထု လုံခြုံရေးအတွက် ရှာတာပါလို့ ပြောတယ်။ ပြောပြီးတော့ တကယ်တမ်း အဲဒီ ၂ ယောက် ဖမ်းသွားတော့လည်း အဲဒီလူတွေဆီက ဘာပစ္စည်းမှလည်း သူတို့ မိတာမဟုတ်ဘူး။ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ လက်ထိပ်ခတ်ကွာဆိုပြီး လက်လွတ်စပယ် ပြောတယ်။ အတင်းအဓမ္မ ထိုးမယ်၊ ကျိတ်မယ် ဆိုတဲ့ ပုံစံမျိုးနဲ့ အတင်းဆွဲခေါ်သွားတယ်။ အဲဒါ ပြည်သူလူထု လုံခြုံရေးလား၊ ပြည်သူလူထုကို ယူနီဖောင်းဝတ် မြင်တိုင်း ထိုင်ရှိခိုးမတတ် ကြောက်ရအောင် လုပ်နေတာလား။”

အလုပ်ကပြန်လာတဲ့ ခရီးသည်တွေ အနေနဲ့ အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲ အခုလို ဖမ်းတဲ့ဆီးတဲ့ အဖြစ်မျိုးအထိ ကြုံနေရတဲ့ အတွက်လည်း ကျန်ခရီးသည်တွေ အနေနဲ့ စိတ်မသက်မသာ ဖြစ်နေရတယ်လို့ ပြောပါတယ်။

“အဲတော့ ပြည်သူလူထု လုံခြုံရေးအတွက်ဆိုတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြည်သူတွေကို ချေချေငံငံ၊ ပြေပြေလည်လည်၊ ယဉ်ယဉ်ကျေးကျေး မဆက်ဆံဘဲနဲ့ ဟောက်လား၊ မန်လား၊ ကြိမ်းလား မောင်းလား၊ ထိုးမယ် ကျိတ်မယ် လုပ်တဲ့အခါကြတော့ ပြည်သူတွေကလည်း လုံး၀ မခံနိုင်ဘူးပေါ့ဗျာ။ ခရီးသည်တွေကလည်း အလုပ်သွား အလုပ်ပြန်တွေလေ။ အလုပ်က ပြန်လာတဲ့အချိန်၊ မိုးကချုပ်နေတဲ့အချိန် မိသားစုဆီကို ရောက်ချင်ဇောနဲ့ ကားစီးလာကြတာပေါ့ဗျာ။ အဲဒီအချိန်မှာ သူတို့က အခုလို အနှောင့်အယှက်ပေးတော့ ပြည်သူလူထု ရင်ထဲမှာ ဘယ်ကောင်းမလဲဗျာ။”

အင်းစိန်မြို့နယ် ကမ်းနားလမ်းက ပေါက်ကွဲမှု ဖြစ်ပြီးနောက် လူနေရပ်ကွက် တချို့မှာလည်း ညဘက်မှာ ဧည့်စာရင်း စစ်ဆေးတာ၊ ရှောင်တခင် စစ်ဆေးတာမျိုးတွေကို စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် အာဏာပိုင်တွေက လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လုံခြုံရေး အကြောင်းပြချက်နဲ့ အခုလို ရှာဖွေစစ်ဆေးမှုတွေကို အလွန်အကျွံ လုပ်နေတဲ့အတွက် လုံခြုံမှု မရှိတဲ့အပြင် ပိုလို့သာ စိုးရိမ်စိတ်တွေ တိုးစေတယ်လို့လည်း ရန်ကုန်မြို့ခံက ပြောပါတယ်။

“ဗုံးပေါက်တိုင်း ပေါက်တိုင်း အခုလို ပုံစံမျိုးတွေ လုပ်တယ်။ အမှန်တကယ်တော့ ဒီဗုံးပေါက်မှုက ပြည်သူလူထုနဲ့ မဆိုင်ဘူးဗျ။ သူတို့ရဲ့ လုံခြုံရေးတွေက အင်မတန် ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ထောက်လှမ်းရေးတွေလည်း ထားတယ်။ ဒီဗုံးတွေ ဘယ်က ဝင်လာတာလဲ။ ဒီဗုံးတွေ ဝင်လာတာကို ထိထိရောက်ရောက် မတွေ့ဘူး။ ဗုံးပေါက်ပြီးသွားတော့မှ ဂိတ်တွေမှာ စုံစမ်းစစ်ဆေးတာ လုပ်တယ် ဆိုတာကတော့ အနာတခြား ဆေးတခြား ဖြစ်နေပါတယ်ဗျာ။”

တနင်္ဂနွေနေ့က အဖြစ်အပျက်ဟာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောဆိုပေမဲ့ အာဏာပိုင်တွေကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်တာမျိုး မကြားရပါဘူး။

အရင့်အရင်တုန်းက အလားတူ ပေါက်ကွဲမှုတွေ ဖြစ်ပွားတဲ့ အခါမျိုးမှာတော့ အတိုက်အခံတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်အဖြစ်နဲ့လည်း အာဏာပိုင်တွေက စွပ်စွဲလေ့ ရှိပေမဲ့ အခြေအမြစ် ခိုင်လုံမှုမရှိတဲ့ စွပ်စွဲချက်အဖြစ်နဲ့ အတိုက်အခံ အင်အားစုတွေကလည်း ပယ်ချလေ့ ရှိပါတယ်။