လာမယ့်ဒီဇင်ဘာလမှာစတင်မယ့် မြန်မာ့ပထမဆုံး ရန်ကုန် stock exchange မှာ ပါဝင်ဖို့ ကုမ္ပဏီ (၁၀) ခုတို့ကို ပဏာမ ရွေးချယ်ထားတဲ့အကြောင်း အင်္ဂလိပ်ဘာသာနဲ့ဖော်ပြတဲ့ မြန်မာအစိုးရပိုင် The Global New Light of Myanmar သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
အတိုကောက် YEX ဆိုတာနဲ့ ကမ္ဘာ့ Exchange ဈေးကွက်မှာ အသစ်ထွက်ပေါ်လာမယ့် ရန်ကုန် stock exchange ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း စီးပွားရေးလုပ်ငန်းကြီးတွေကို ဒုတိယဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်သိန်းက တိုက်တွန်းထားပါတယ်။ စတင်တဲ့ငါးနှစ် အတွင်းမှာ အကျိုးအမြတ်ရဖို့ မသေချာတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ ဒုတိယဘဏ္ဍာရေးဝန်ကြီးက သတိပေးထားပါတယ်။
ကျပ်ငွေ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံနိုင်တဲ့၊ ခိုင်မာတဲ့ကုမ္ပဏီတွေကို လိုင်စင်တွေချထားပေးမယ်လို့လည်း သူက ပြောပါတယ်။ မြန်မာ့ ပထမဆုံး YEX stock exchange စတင်တဲ့အခါမှာတော့ မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ Asia Green Development – AGD ဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တချို့က အစုရှယ်ယာတွေလည်း ပါဝင်မယ်လို့ ရှင်ဟွာသတင်းမှာတော့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ငွေကြေး ဈေးကွက်မှာ ပထမဆုံး ပေါ်ထွက်လာမယ့် stock exchange ကို ဒီဇင်ဘာလ ပထမပတ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပြီး မြန်မာ့စီးပွားရေးဘဏ်က ဂျပန်နိုင်ငံက တိုကျို stock exchange ၊ ဒိုင်ဝါသုတေသနတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းက ပြောဆိုထားပါတယ်။