လူ့အခွင့်အရေး ကိုယ်စားလှယ်သစ်အပေါ် အမြင်သဘောထားတချို့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စ်-Yanghee Lee

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စ ယန်ဟီလီရဲ့ ဆယ်ရက်တာ မြန်မာပြည်ခရီးစဉ်အပြီးမှာ မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်လှည့်ချင်တဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောသွားပါတယ်။ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေရော လွှတ်တော်တွင်းက ဆောင်ရွက်ချက်တွေမှာပါ လက်ရှိ ဖြစ်ထွန်းမှုတွေကို ကြည့်ရင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မှတ်ချက်က ငြင်းချက်ထုတ်စရာ မရှိပါဘူးလို့ မြန်မာ့ နိုင်ငံရေး အသိုင်းအဝိုင်းကလည်း ပြောဆိုကြပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် အနေနဲ့ မြန်မာ့လူ့အခွင့်အရေး အတွက် ဆောင်ရွက်နိုင်မယ့် အလားအလာရော ဘယ်လိုရှိနေပါသလဲ ဆိုတာကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ ယန်ဟီလီက သူမရဲ့ ဆယ်ရက်တာ မြန်မာခရီးစဉ်အပြီး တွေ့ရှိခဲ့ရမှုတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာမှာ မြန်မာနိုင်ငံရေး အခြေအနေ နောက်ကြောင်းပြန်လှည့်ချင်တဲ့ လက္ခဏာတွေ့နေရတယ်ဆိုပြီး ပြောဆိုလိုက်တာပါ။ သက်တမ်းနုနယ်လှသေးတဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက ဒီမိုကရေစီအရေး နောက်ကြောင်း ပြန်လှည့်ချင်တဲ့ အနေအထားပါလို့ ရခိုင်အမျိုးသား ပါတီ အကြီးအကဲ တဦးဖြစ်သူ ဒေါက်တာ အေးမောင်က ဆိုပါတယ်။

“လောလောဆယ်ကတော့ အဲဒီသဘောတော့- အထူးသဖြင့် ဒီမိုကရေစီရဲ့ နောက်ကြောင်းပြန်တဲ့သဘောတော့ တွေ့ပါတယ်။ နိုင်ငံတော်တစ်ခုလုံး နောက်ကြောင်းပြန်မယ့်သဘောကတော့ ကျနော်တို့ အရိပ်အယောင်လေးကို မတွေ့ဘူးဗျ။ ဒါပေမယ့်လို့ တစ်ခုတော့ ရှိတာပေါ့။ လက်ရှိအစိုးရရဲ့ ဆောင်ရွက်မှု အတော်များများကတော့ ၂၀၁၁ ဖြစ်လာစ ပုံသဏ္ဍန်နဲ့တော့ နည်းနည်းလေး ကွာလာတာပေါ့။ လွှတ်တော်ပိုင်းကို ပြန်ကြည့်ရင်လည်း အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ ထောက်ပြတာတို့၊ ဝေဖန်တာတို့ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို တစုံတခုထိခိုက်လေမလားဆိုတဲ့ သဘောနဲ့ အစိုးရကို ဖေးမတဲ့သဘောကို တွေ့လာရတာပေါ့။”

အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် အမတ် ဦးဝင်းမြင့်ကတော့ လွှတ်တော်တွင်းမှာလည်း အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ မဲ အချိုးကျ ကိုယ်စားပြုစနစ်ကို တင်သွင်းလာတာ အတည်ပြုနိုင်ဖို့ ကြိုးပမ်းလာကြတာတွေကို ကြည့်ရင် တိုးတက်မှုထက် ဆုတ်ယုတ်မှုတွေကိုသာ တွေ့နေရတာမို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်လှည့်ချင်တဲ့ လက္ခဏာ ရှိနေတယ်ဆိုတဲ့ အပေါ်မှာ ငြင်းစရာမရှိပါဘူးလို့ ဆိုပါတယ်။

“သူ့သုံးသပ်ချက်ဟာ မမှားဘူးလို့ ကျနော်လည်း ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်က နောက်ကြောင်း မလှည့်တောင်မှ ရှေ့တိုးလာတာကို မတွေ့ဘူး၊ ရှေ့တိုးလာတာလည်း မရှိသေးဘူးလေ၊ ဒါက နိုင်ငံရေး အခင်းအကျင်းက မြင်နေရတာကိုး။ ရှေ့ကို တိုးတက်လာမယ့် အလားအလာတော့ သိသိသာသာ မမြင်ရတဲ့အခါကျတော့ ဒါလည်း ပြောလို့ မရဘူးပေါ့။ နောက်တခုက PR စနစ် ကျင့်သုံးမယ်ဆိုလို့ရှိရင်လည်း အဲဒီဟာက ဖြစ်နိုင်တဲ့ အနေအထားတွေ ရှိတာပေါ့။ အနိုင်ရတဲ့ပါတီကြီးတစ်ခုက ၅၀ % ထားဗျာ။ ၅၀ % ဆိုလို့ရှိရင် ၁၆၅ ယောက် ရမယ်။ ၃၃၀ မှာ ရာခိုင်နှုန်းနဲ့ တွက်ရင် ၁၆၅ ယောက် ရမယ်။ ဒုတိယရတဲ့ပါတီက အပြတ်အသတ် ၂၀ % နည်းသေးရင် ၃၀ % ပဲထား၊ ၉၉ ယောက် ရမယ်။ အဲဒီတော့ တတိယအင်အားစုက ပြည်သူ မဲမပေးနိုင်တဲ့ ၂၅ % အင်အားစုက ၁၁၀ ဆိုတော့ ဘယ်သူက majority vote ဖြစ်သွားမလဲ၊ ဒါက အခုနကပြောသလို အခြေအနေ အရပ်ရပ်ကို ကြည့်ရင်တော့ သူပြောတာကလည်း မမှားနိုင်ဘူးလို့ ထင်တယ်ပေါ့။ ဒါကြောင့် ပြောနေတာပေါ့။”

မြန်မာဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စယန်ဟီလီကတော့ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နင်းနေမှုတွေ၊ သတင်းမီဒီယာ ဖိနှိပ်မှုတွေ၊ နောက် စစ်ရေး၊ လူမှုရေး ပဋိပက္ခတွေကြောင့် ဒုက္ခသည် စခန်းတွေမှာ နှစ်တွေနဲ့ချီပြီး ခိုလှုံနေကြရသူတွေ အရေးကိုလည်း ထောက်ပြ ပြောဆိုခဲ့သလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အများလက်ခံနိုင်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေးတို့ကိုလည်း တိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ ယန်ဟီလီက ရခိုင်ပြည်နယ်တွင်းက လူမျိုးရေး ပဋိပက္ခတွေကြောင့် နှစ်ဖက် လူမှုအသိုင်းအဝိုင်း အတွင်း အတော်လေး အတိဒုက္ခရောက်နေကြတယ်ဆိုတာကိုလည်း အထူးပြု ပြောဆိုသွားတာမို့ ဒီအပေါ်မှာ ဒေါက်တာ အေးမောင်ရဲ့ တုံ့ပြန်ချက်ကတော့-

“ဖြစ်စဉ်ပေါ်မှာ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အဖြေတစ်ခုကို ရနိုင်အောင် ရှာပေးနိုင်မှပဲ လာရကျိုးနပ်မယ်လို့ ထင်ပါတယ်။ ကြည့်သွားတာ၊ မြင်သွားတာလေးလောက်နဲ့ ဒီလို ဒုက္ခ ခံစားနေရပါတယ် ဆိုတာလေးလောက်ကို ဖော်ညွှန်းရုံလောက်နဲ့ ဒီပြဿနာ မပြီးနိုင်ပါဘူး။”

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ ယန်ဟီလီဟာဆိုရင် တောင်ကိုးရီးယား နိုင်ငံသူ အာရှတိုင်းသားတဦးလည်း ဖြစ်တာမို့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေကို အာရှရဲ့ တန်ဖိုးထားမှု စံနှုန်းတွေနဲ့ ချဉ်းကပ်မယ်ဆိုရင်တော့ ဖြေရှင်းချက်တခု ရလာနိုင်ပါတယ်လို့လည်း ရခိုင် အမျိုးသားပါတီရဲ့ အကြီးအကဲ ဒေါက်တာအေးမောင်က ဆိုပါတယ်ရှင်။