ကုလအထူးကိုယ်စားလှယ် မြန်မာခရီးစဉ် လူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆို

ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဒုတိယမြောက်ခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် စုံစမ်း ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အခု ခရီးစဉ်မှာ ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ အခြေအနေ တိုးတက်မှု ရှိ မရှိဆိုတာကို သုံးသပ်မှာဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းက လူနည်းစု လူမျိုးတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ သုံးသပ်မှာဖြစ်တယ်လို့ Ms. Yanghee Lee က ပြောပါတယ်။

ပထဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ သူရဲ့အစီရင်ခံစာကို ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ပထမဆုံးအကြိမ် တင်သွင်းခဲ့တာပါ။ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် ဖော်ပြရေးသားနိုင်ခဲ့တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို ကြိုဆိုခဲ့ပါတယ်။ ဒုတိယအကြိမ် ခရီးစဉ်နဲ့ပတ်သက်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့အမြင်ကို အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလို ပြောပါတယ်။

“ဒီနှစ်အကုန်လောက်မှာကျင်းပမယ့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက အလေးထား စောင့်ကြည့်နေချိန်မှာ Ms. Yanghee Lee ရဲ့ အခုခရီးစဉ်ဟာ အချိန်အခါအရ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့အခြေအနေကို သွားရောက်ကြည့်ရှုမယ့် အစီအစဉ်ကလည်း အရေးပါပါတယ်။ ကမ္ဘာပေါ်မှာ နှိပ်စက်ညှဉ်းပမ်းမှုတွေ ရင်ဆိုင်နေရတဲ့ အုပ်စုတွေထဲမှာ ရိုဟင်ဂျာလည်း ပါဝင်ပါတယ်။ ဒါကြောင့် မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ခွဲခြားမှုမရှိဘဲ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ဒုက္ခသည်စခန်းတွေကနေ ပြန်ပြီး နေရာချထားရေး စတာတွေပါဝင်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ သူက ဖိအားပေး တိုက်တွန်းမှာပါ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ ကိစ္စတွေထဲမှာ ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဆိုးရွားနေဆဲပဲလို့ Ms. Yanghee Lee က ပြီးခဲ့တဲ့ ဇူလလိုင်လအတွင်း ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒါကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ခွဲခြားဖိနှိပ်ထားတာတွေအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဦးဆောင်တဲ့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစုံစမ်းစစ်ဆေးဖို့ Ms. Yanghee Lee အနေနဲ့ ဆောင်ရွက်ပေးဖို့ မြန်မာရိုဟင်ဂျာအသင်း (လန်ဒန်) ဥက္ကဌ ဦးထွန်းခင်က အခုလို တိုက်တွန်းသွားပါတယ်။

“၂၀၁၂ ကနေစပြီးတော့ ဖြစ်နေတဲ့ဥစ္စာက လူမျိုးတမျိုး ရပ်တည်မှုကို ငြင်းပယ်နေတဲ့ အစားအသောက် ဖြတ်တောက်ပြီးတော့ အသွားအလာ၊ လက်ထပ်ခွင့်၊ ကျောင်းတက်ခွင့် အကုန်ပိတ်ပင်ထားတယ်။ ဒီလိုဟာတခုက နိုင်ငံတကာဥပဒေကို ဆန့်ကျင်တယ်။ ဒီနေရာမှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် လိုအပ်တယ်ဆိုတဲ့ဟာကို ကုလသမဂ္ဂကနေ ဒါကို ထောက်ခံဖို့လိုတယ်လို့ Ms. Yanghee Lee အနေနဲ့လည်း ဒီဟာကို ထပ်ပြီးတော့ တောင်းဆိုဖို့ လိုအပ်တယ်လို့ ကျနော်တို့ ထင်တယ်။ သူ့အနေနဲ့လည်း ရခိုင်ပြည်နယ်ကို ခရီးသွားပြီးတော့ ဖြစ်ပျက်နေတဲ့ အနေအထားအပေါ်မှာ Humanitarian Aid နဲ့ ရိုဟင်ဂျာတွေရဲ့ ဆုံးရှုံးနေတဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးဖို့လိုအပ်တယ်လို့ ကျနော် အဲ့ဒါကို တောင်းဆိုချင်ပါတယ်။”

Ms. Lee ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ပထမတခေါက်တုန်းကလည်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် စတာတွေကို သူ သွားရောက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ကျနော် သိရတယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာဆိုရင် မတရား ဖမ်းဆီးနှိပ်စက်ခံရတဲ့ ဘရန်ရှောင်တို့ကို ကိုယ်တိုင်တွေ့ခဲ့တယ်လို့ ကျနော်တို့ သိရတယ်။ အဲတော့ ဒီတခေါက် သူလာလို့ရှိရင် ဒီလိုဖမ်းဆီးနှိပ်စက်ခြင်းခံရတဲ့ လူတွေရဲ့ အမှုဟာ အခုအချိန်ထိ မပြီးဆုံးသေးတဲ့အတွက် တခုခု ထူးခြားလာလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော့်အနေနဲ့ အထူးမျှော်လင့်တာကတော့ အရင် ကင်တားနားလက်ထက်တုန်းက သဘောတူခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင် ရုံးတရုံး မြန်မာနိုင်ငံမှာ ဖွင့်ဖို့ကိစ္စကို ဆက်လက် ဆောင်ရွက်ဖြစ်အောင် ဒီတခေါက်တော့ သူ ဆောင်ရွက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”

Ms. Lee အနေနဲ့ ကုလသမဂ္ဂမှာ ပထမဆုံးအကြိမ် အစီရင်ခံစာ တင်သွင်းတုန်းကလည်း မြန်မာ့အသွင်ကူးပြောင်းရေးကာလ နောက်ကြောင်းပြန်လှည့်နိုင်တဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် ဖြေရှင်းတာမျိုး မရှိတာကြောင့် တိုးတက်နေတဲ့ ရလဒ်တွေကို ထိခိုက်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုတခေါက် ခရီးစဉ်ကိုတော့ ဇန်နဝါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက် ကြာမြင့်မှာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဖို့ ကိစ္စတွေ အပါအဝင် လွှတ်တော်ခေါင်းဆောင်တွေ၊ အာဏာပိုင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။ အခု ခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဒီ ၂၀၁၅ ခုနှစ် ဧပြီလထဲလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။