ကိုရဲလွင် (မဇ္ဇျိမလှိုင်း) ကွယ်လွန်

တေးရေး၊တေးဆို၊ဘေ့စ်ဂီတာအနုပညာရှင် ဦးရဲလွင်(မဇ္ဇျိမလှိုင်း)ဟာ ဒီကနေ့ အသဲရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။အခုလို တိုင်းပြည်အတွက် အများအကျိုးပြုလုပ်ငန်းတွေကို ဂီတပညာနဲ့ စွမ်းဆောင်နိုင်ခဲ့တဲ့ ပညာရှင်တစ်ယောက် ဆုံးရှုံးရခြင်းဟာ တန်ဖိုးမဖြတ်နိုင်လောက်တဲ့ ဆုံးရှုံးမှုတစ်ခုဘဲလို့ သူနဲ့ နီးစပ်သူတွေက ခံစားနေကြရပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

ဂီတလောကထဲမှာ နှစ်ပေါင်း၅၀ကျော်လောက် ရှင်သန်နေထိုင်နေတဲ့ တေးရေး ၊တေးဆို ၊ဘေ့စ်ဂီတာ အနုပညာရှင် ဦးရဲလွင်ဟာ ဒီကနေ့ ညနေမှာဘဲ ရန်ကုန်မြို့ ကုတင်၅၀၀ ဆေးရုံကြီးမှာ အသည်းကင်ဆာနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

အသည်းရောဂါနဲ့ ဇွန်လ၅ရက်နေ့တည်းက ဆေးရုံတက်နေရတဲ့ ဦးရဲလွင်အတွက် ဒီကနေ့မနက်ကဘဲ လူနာမေးသွားခဲ့သေးတယ်ဆိုတဲ့ ဦးကျော်သူကတော့ အာဇာနည်နေ့မတိုင်ခင် အာဇာနည်တစ်ဦး ကြွေလွင့်ခဲ့ရပီလို့ ဆိုပါတယ်။

"မနက်ကကျနော်ရောက်သွားတယ် နောက်ပြီးဒီနေ့ကတော့ အခြေအနေက မကောင်းတော့ဘူး ၊ သတိလည်းမရတော့ဘူး ။ နေ့လည်ကျတော့ အိုင်စီယူအခန်းထဲကိုရွှေ့တော့မယ်ဆိုတော့ နောက်ဆုံးတော့ ရွှေ့ခါနီးမှာ ဆုံးသွားတာပေါ့။ လူဆိုတာကတော့ တနေ့တချိန်မှာ ပြန်မှာပဲ၊ ဒါပေမယ့် သေတာချင်းအတူတူ ဒါက အများအကျိုးကို သယ်ပိုးသွားတဲ့ သူရဲကောင်းတယောက်ဆိုတော့ ဆုံးပါးသွားတာ ယူကြုံးမရဖြစ်ရတယ်။ အများအကျိုးကျနော်တို့နဲ့ တော်တော်များများတွဲလုပ်တယ်။ ပြည်သူအတွက်ဆိုရင် အမြဲတမ်းရပ်တည်ပေးတယ် ကျနော်တို့ နာရေးကူညီမှုအသင်းမှာလည်း ဝိုင်းပြီးတော့ ကူညီပေးခဲ့တယ် ။ ဒီလိုလူမျိုးတယောက်က ကျနော်တို့အတွက် ရပ်တည်တဲ့ သူရဲကောင်းပဲ၊ အာဇာနည်နေ့မတိုင်ခင် အာဇာနည်တစ်ဦး ကြွေလွင့်သွားပြန်ပြီပေါ့လေ။"

ဦးရဲလွင်က သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ တစ်ဖက်တစ်လမ်းကနေ ရန်ပုံငွေပွဲတွေမှာ လိုက်လံဖျော်ဖြေပေးနေသူပါ။ လွတ်တလပ်ငြိမ်းချမ်း ပန်းရဲလမ်း ဆိုပီးတော့ လည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေ ဖျော်ဖြေရေးတွေကို မြို့အသီးသီးမှာ လိုက်လံဖျော်ဖြေခဲ့ပါသေးတယ်။ ပန်းရဲ့လမ်း အဖွဲ့ကို ၂၀၁၂ မေလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရပ်ကွက်တွေထဲက လူစည်ကားရာ လက်ဖက်ရည်ဆိုင်တွေမှာ လိုက်လံဖျော်ဖြေပြီး စစ်ဘေးသင့် ဒေသကသူတွေကိုထောက်ပံ့ကူညီပေးနေတဲ့ တေးဂီတ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်

ပန်းရဲလမ်း အဖွဲ့ဝင် ဦးပီတာကတော့ ဦးရဲလွင်လို အနုပညာသမားကောင်း နောက်ထပ်ရှိလာမှာ မဟုတ်တော့တဲ့အတွက် ပန်းရဲ့လမ်းအဖွဲ့ အတွက် ပြောမပြတတ်လောက်အောင် ဆုံးရှုံးနစ်နစ်စေတယ်လို့ ပြောပါတယ်။

"အန်ကယ်ရဲလွင်လို နောက်ထပ်တယောက်ထပ်မရနိုင်ပါဘူး ၊ သူ့စိတ်ဓါတ် သူ့သမာဓိ အဖက်ဖက်က တော့ ပြန်မရနိုင်တော့ဘူး ။ သူ့သီချင်းတွေလိုမျိုး ကျနော်တို့ အသိုင်းအဝိုင်းမှာ နောက်ထပ်တယောက်ထပ်မရနိုင်ပါဘူး ၊ကျနော်တို့အနေနဲ့ မပြောပြနိုင်တဲ့ ဆုံးရှုံးမှုပါပဲ"

ဂီတလောကရဲ့ ထူးခြားတဲ့ အနုပညာရှင်သမားကြီးတစ်ယောက် ဆုံးရှုံးသွားရတယ်လို့ဆိုလာသူက တေးသံရှင် မမီမီဝင်းဖေပါ။

"ကျမတို့ ဂီတလောကရဲ့ ထူးခြားတဲ့ အနုပညာရှင်တွေအများကြီးရှိပါတယ်။ ဒီရှိတဲ့သူတွေထဲမှာမှ အင်မတန်ထူးခြားတဲ့ တော်တဲ့လူတယောက်ပါ။ ဒီထက်အကျယ်ချဲ့ပြီးပြောရင်လည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီလောက်ပ ကျမလောလောဆည်ပြောချင်ပါတယ်။ အရမ်းစိတ်ထိခိုက်ရပါတယ်။ ကျမတို့ ချစ်တဲ့သူ လေးစားတဲ့သူ ရိုသေရသူ နောက်ပြီးထူးထူးခြားခြားပေ့ါနော် ။ ဒီလိုထူးခြားတဲ့ အနုပညာသမားကြီးတယောက် ဆုံးရှုံးသွားရတာပါ"

ဦးရဲလွင်ရဲ့ နောက်ဆုံးခရီးကိုတော့ ဘယ်နေ့ပြုသဂြိုလ်မယ်ဆိုတာ မသိရသေးပါဖူး။ မဇ္ဇိုမလှိုင်းရဲ့ ပဲ့ကိုင်ရှင် ပန်းခရမ်းပြာ ၊ နဒီမင်္ဂလာ ၊ပန်းရဲ့လမ်းတို့ရဲ့ ဖန်တီးရှင် ငြိမ်းချမ်းရေးပရဟိတ သမားကြီးအနုပညာရှင်တစ်ယောက် ဆုံးရှုံးသွားတာကိုတော့ သူ့ရဲ့မိတ်ဆွေတွေ ၊အနုပညာအသိုင်းဝိုင်း ၊ နိုင်ငံရေးအသိုင်းဝိုင်းနဲ့ ချစ်ခင်ကြသူတွေက ဝမ်းနည်းကြေကွဲကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ရေးသားထားကြပါတယ်။

Your browser doesn’t support HTML5

ကိုရဲလွင် (မဇ္ဇျိမလှိုင်း) ကွယ်လွန်