ယီမင်သမ္မတ နုတ်ထွက်မည်

ယီမင်သမ္မတ နုတ်ထွက်မည်

လာမယ့်ရက်ပိုင်းအတွင်း အာဏာစွန့်ဖို့ အဆင်သင့်ရှိနေပြီလို့ ယီမင်သမ္မတ အလီအက်ဘ်ဒူလာ ဆာလေး က ပြောဆိုလိုက်ပါတယ်။ စနေနေ့က အစိုးရ ရုပ်မြင်သံကြားဌာနကနေ အသံလွှင့်ပြောကြားရာမှာ ရာထူးကနေ သူ မကြာခင် ဆင်းပေးတော့မယ်လို့ မစ္စတာ ဆာလေးက ကြေညာသွားတာဖြစ်ပါတယ်။ သူဟာ အာဏာကို မက်မောလိုလားသူမဟုတ်ဘဲ မကြာခင်မှာ အာဏာကို စွန့်လွှတ်သွားမယ်လို့ ယီမင်နိုင်ငံကို ၃၃ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ မစ္စတာ ဆာလေးက ပြောပါတယ်။

ဒါပေမဲ့ ဘယ်တော့ အာဏာစွန့်မယ်၊ ဘယ်သူ့ကို ယုံယုံကြည်ကြည် အာဏာလွှဲမယ်၊ ဘယ်လိုလွှဲပြောင်းမယ် ဆိုတာတွေကိုတော့ မပြောပါဘူး။ သူ့နေရာကို ဆက်ခံမယ့်သူဟာ အရပ်သားလည်းဖြစ်ကောင်း ဖြစ်မယ်၊ စစ်ဘက်ကလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ မစ္စတာ ဆာလေးက ဆိုပါတယ်။ ဒါပေမဲ့ သူ ရာထူးကနေ ထွက်ဖို့အတွက် ၉ လနီးပါးကြာ တောင်းဆိုထားတဲ့ အတိုက်အခံတွေနဲ့တော့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ သူက ရှင်းရှင်းလင်းလင်း ပြောပါတယ်။ တိုင်းပြည်ကို ဖျက်လိုဖျက်စီး လုပ်မယ့်သူတွေကို လွှတ်ထားမှာမဟုတ်ဘူးလို့ နိုင်ငံကိုပြောတဲ့ အဲဒီမိန့်ခွန်းမှာ မစ္စတာ ဆာလေးက ပြောသွားတာပါ။

မြို့တော် ဆာနား နဲ့ အခြားမြို့တွေမှာဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေကတော့ ဆက်ပြီးတော့ ရှိနေဆဲပါ။ ဒါကြောင့် အတိုက်အခံ နိုင်ငံရေးအုပ်စုတွေကို ထောက်ခံတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ၊ သူတို့ရဲ့ သစ္စာခံတွေနဲ့ မစ္စတာ ဆာလေးတပ်တွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းကတည်းက တိုက်ပွဲတွေ ဖြစ်နေပါတယ်။

အခုလို သူ အာဏာစွန့်တော့မယ်ဆိုတဲ့ လက္ခဏာပြတာဟာ ဧပြီလကတည်းကဆိုရင် သုံးကြိမ် ရှိခဲ့ပါပြီ။ ပင်လယ်ကွေ့ ၆ နိုင်ငံပါ GCC အဖွဲ့က ကြားဝင်စေ့စပ်တဲ့ အာဏာလွှဲပြောင်းရေး အစီအစဉ်ကို သဘောတူဖို့ အတွက် သူ အကြိမ်ကြိမ် လက်ခံပြီးတော့မှ နောက်ဆုံးအဆင့် လက်မှတ်ထိုးရမယ့် အကြိမ်တိုင်းမှာ မစ္စတာ ဆာလေးဘက်က နောက်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။

GCC ရဲ့ အစီအစဉ်ထဲမှာတော့ သူ့ရဲ့ ဒုတိယ သမ္မတကို အာဏာလွှဲပေးဖို့ဖြစ်တယ်လို့ ညီညွတ်တဲ့အမျိုးသား တပ်ပေါင်းစု အစိုးရတစ်ရပ် ဖွဲ့ရေးကိစ္စကို မစ္စတာ ဆာလေးကို ပင်လယ်ကွေ့ ၆ နိုင်ငံပါ အဖွဲ့က တောင်းဆိုပါတယ်။ မကြာခင်ကပဲ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Tawakkul Karman အပါအဝင် အခိုက်အခံတွေကတော့ မစ္စတာ ဆာလေးရဲ့ ကြေညာချက်ကို သံသယရှိနေကြပါတယ်။