ယီမင်ရေပိုင်နက်ထဲ အီရန်ရေတပ်စေလွှတ်

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံရဲ့ ရေပိုင်နက်နားကို အီရန်နိုင်ငံက ရေတပ်သင်္ဘောတွေ ထွက်ခွာသွားပြီလို့ အီရန်အစိုးရပိုင် သတင်းဌာနက ပြောဆိုလိုက်ပါတယ်။

ယီမင်နိုင်ငံမှာ အီရန်နိုင်ငံက ကျောထောက် နောက်ခံပေးထားတဲ့ Shi'ite သူပုန်တွေအပေါ် ဆော်ဒီအာရေဗီးယားနိုင်ငံက လေကြောင်း ထိုးစစ်တွေ ဆင်နွှဲနေချိန်မှာပဲ အီရန်နိုင်ငံရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။

အီရန်ရေကြောင်းသွားလာရေးနဲ့ ပင်လယ်ပြင်တွင်းက တိုင်းပြည်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရေတပ်ကို စေလွှတ် လိုက်တာလို့လည်း အီရန်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Habibollah Sayyari ကို ကိုးကားပြီး အီရန်နိုင်ငံပိုင် Press TV ရုပ်မြင်သံကြားက ဒီကနေ့ပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အီရန်ရေတပ်အနေနဲ့ ကုန်သွယ်ရေး သင်္ဘောတွေကို ပင်လယ်ဓားပြတွေ အန္တရာယ်က အကာအကွယ် ပေးနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။ ဆူးအက်တူးမြောင်းကို ဖြတ်သန်းပြီး ပင်လယ်နီကို သွားကြမယ့် သင်္ဘောတွေအတွက် အဓိက လမ်းကြောင်းဖြစ်တဲ့ Aden ပင်လယ်ကွေ့နဲ့ Bab al-Mandab ရေလက်ကြားကို ဦးတည် ထွက်ခွာသွားတဲ့ ရေတပ်မှာတော့ ဖျက်သင်္ဘောတစင်းလည်း ပါဝင်ပါတယ်။ ယီမင်ကမ်းလွန် ရေပြင်ကိုတော့ အီဂျစ်နိုင်ငံကလည်း စစ်သင်္ဘောတွေ စေလွှတ်ထားတာပါ။ ယီမင်နိုင်ငံမှာတော့ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားတဲ့ သမ္မတ Abd-Rabbu Mansour Hadi ကို သစ္စာခံတဲ့ တပ်တွေနဲ့ Houthi သူပုန်တွေကြား တိုက်ပွဲတွေကြောင့် တင်းမာမှုတွေလည်း ပိုမိုကြီးထွားလာနေတာ ဖြစ်ပါတယ်။