၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ရှိ - စစ်ကောင်စီပြောခွင့်ရ

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတင်ပြီးအပြန် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့်အတူ တွေ့ရစဉ်။ (ယခင်ပုံဟောင်း)

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတင်ပြီးအပြန် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့်အတူ တွေ့ရစဉ်။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်း မမှန်မကန်ဖြစ်ခဲ့တာတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအကြီးအကဲတယောက်အနေနဲ့ရော NLD ပါတီဥက္ကဋ္ဌအနေနဲ့ပါ တာဝန်ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ မဲမသမာမှုဆိုင်ရာ တိုင်ကြားမှုအများစုက နေပြည်တော်နဲ့ မန္တလေးတိုင်းတို့မှာရှိခဲ့တာကြောင့် သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်နဲ့ ဒေါက် တာဇော်မြင့်မောင်တို့ကို တရားစွဲရတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း မသမာမှုတွေ၊ မမှန်ကန်တဲ့ ကြိုတင်မဲလက်မှတ်တွေ၊ မဲမသမာမှုဖြစ်စေဖို့ ညွှန်ကြားချက်တွေကို NLD အစိုးရလက်ထက်က လုပ်ခဲ့တာကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို တရားစွဲဆိုတာဖြစ်တယ်လို့ စစ်ကောင် စီပြောခွင့်ရက ဗွီအိုအေကို ပြောပါ တယ်။

"အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိမှုအရ ကျနော်တို့ ဆောင်ရွက်ရခြင်းဖြစ်တယ်။ သူ့အနေနဲ့ တာဝန်ရှိတယ်ဆိုတာကတော့ နှစ်ပိုင်းပေါ့၊ နံပါတ် ၁ အနေနဲ့ အစိုးရဘက်အပိုင်း၊ နံပါတ် ၂ အနေနဲ့ ပါတီဘက်အပိုင်းပေါ့။ နံပါတ် ၁ အစိုးရဘက်အပိုင်းမှာတော့ ပြောခဲ့ပြီး ဖြစ်တယ်။ ြမန်မာနိုင်ငံမှာတော့ သမ္မတနဲ့ စီမံခန့်ခွဲမှု အာဏာကော၊ နိုင်ငံတော်အာဏာကော ရယူထားတာက နိုင်ငံတော်အတိုင်ပင်ခံဖြစ်တယ်။ ဒါကြောင့်မလို့ တာဝန်ရှိမှု၊ နောက်တခုကတော့ ပါတီဘက်ကပေါ့ တချို့ ဒီဟာတွေမှာ ပါတီဘက်ကပေါ့နော်။ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးကော်မရှင်တွေ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေပေါ့နော်။ ဒီဝင်ရောက်စွက်ဖက်ခဲ့တာရှိတယ်။ ဒါနဲ့ပတ်သက်လို့ ပါတီဥက္ကဋ္ဌတဦးအနေနဲ့ လည်း တာဝန်ရှိမှုအနေနဲ့ ဒါတွေနဲ့ပတ်သက်လို့ အမှုဖွင့်လှစ်တယ်ဆိုတာကိုတော့ သိရပါတယ်။"

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အမှုဖွင့်အရေးယူတယ်ဆိုပေမဲ့ ဘယ်လိုပုဒ်မတွေ နဲ့ အရေးယူထားလဲဆိုတာ အတိအကျမသိသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကော်မရှင်ရဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ တရားစွဲထားသူ ၁၆ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့လည်း ပါဝင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က တိုင်ကြားမှု အများဆုံး လက်ခံရရှိတာက နေပြည်တော်နဲ့ မန္တလေးတိုင်းတို့က ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"တိုင်ကြားမှုတွေထဲမှာ အများဆုံးတိုင်ကြားမှုဖြစ်ခဲ့တဲ့ နေပြည်တော်မှာ တာဝန်ရှိခဲ့တဲ့ ဒေါက်တာမျိုးအောင် ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာတာဝန်ရှိတဲ့ မန္တလေးတိုင်းဒေသကြီးက ဒေါက်တာဇော်မြင့်မောင် ပါတယ်။ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့် ဒီထဲပါရတာကတော့ တာဝန်ရှိမှုပါ။ ဘာကြောင့်လဲဆိုရင် ဒီလိုဖြစ်ပျက်နေတာတွေကို မဲစာရင်းတွေနဲ့ပတ်သက်လို့ စစ်ဆေးပေးဖို့အတွက် ကျနော်တို့ ပြောခဲ့တဲ့အခါမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကော အဖွဲ့ဝင်တွေရဲ့ ကိုယ်တိုင်ဝန်ခံချက်တွေ ဗွီဒီယိုဖိုင်နဲ့ ကျနော်တို့ ပြသခဲ့ ပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကော ဥက္ကဋ္ဌ ကိုယ်တိုင်ကောပြောခဲ့တယ်။ သူတို့အနေနဲ့ သမ္မတကိုသွားတင်ပြတဲ့အခါမှာ ဘာမှ စစ်ပေးစရာမလိုဘူး ပြောခဲ့တာရှိတယ်။ ပြီးရင် လုပ်ထုံးလုပ်နည်း မှားယွင်းတာတွေကို အစိုးရအဖွဲ့အနေနဲ့ ညွှန်ကြားခဲ့တာ ရှိတယ်။ ဒါကြောင့်မို့ ဦးမင်းသူတို့တွေလည်း ပါရတာဖြစ်တယ်။ အုပ်ချုပ်ရေးအဆင့်ဆင့်ကို ညွှန်ကြားခဲ့တာ ရှိတယ်။ ဒါတွေနဲ့ပတ်သက်လို့ သမ္မတမှာတာဝန်ရှိတယ်။"

အခုလို တာဝန်ရှိသူတွေကို အရေးယူတယ်လို့ စစ်ကောင်စီက ပြောပေမဲ့ NLD အစိုးရလက်ထက် က ကော်မရှင် ညွန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သလို လက်ရှိ စစ်ကောင်စီက ပြန်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်မှာလည်း ညွှန်ကြားရေးမှုးချုပ်တာဝန် ဆက်ပေးထားတဲ့ ဦးခင်မောင်ဦးကတော့ တရားစွဲခံရသူတွေထဲမှာ မပါပါဘူး။

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲတာနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ဘက်ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားမယ့်သူမရှိခဲ့ပါဘူး။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ၁၁ သန်းကျော်ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၆ ရက်နေ့မှာ ပယ်ဖျက်ခဲ့ပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက မဲဆန္ဒနယ် ၈၂% ကျော် အနိုင်ရရှိ ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ လိုအပ်ချက်တချို့ရှိပေမဲ့ လွတ်လပ်၊ မျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ နိုင်ငံတကာကကော ပြည်တွင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဖြစ်တဲ့ Asian Network for Free Elections (ANFREL) ၊ People's Alliance for Credible Elections (PACE) စတဲ့အဖွဲ့တွေက ရွေးကောက်ပွဲအပြီးမှာ အစီရင်ခံစာတွေ ထုတ်ပြန်ထားကြပါတယ်။

Your browser doesn’t support HTML5

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ရှိ - စစ်ကောင်စီပြောခွင့်ရ


=========

{{Unicode}}














=========