ဆွစ်ဇာလန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ကြဖို့ ယူကရိန်းသမ္မတ ဖိတ်ကြား

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue လုံခြုံရေး အစည်းအဝေးပွဲမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy တက်ရောက်ဆွေးနွေး (ဇွန်လ ၂၊ ၂၀၂၄)

ဆွစ်ဇာလန်နိုင်ငံမှာ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ကြဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue လုံခြုံရေး အစည်းအဝေးပွဲမှာ ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

၃ နှစ်ကြာ ရုရှားကျုးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲမှာ သံတမန်ရေးကဏ္ဍရဲ့ အရေးပါမှုတွေနဲ့ ပတ်သက်လို့လည်း စင်္ကာပူနိုင်ငံက အခမ်းအနားမိန့်ခွန်းမှာ အလေးထား ပြောကြားခဲ့တာပါ။ မကြာသေးခင်ကအထိ ကမ္ဘာကြီးဟာ ပြိုကွဲတော့မလား ထင်ခဲ့ရပေမဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပမ်မှုတွေနဲ့အတူ စစ်စစ်မှန်မှန် ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြတဲ့ တိုင်းပြည်တွေကို တွေ့ခဲ့ရတယ်လို့လည်း ယူကရိန်းသမ္မတက ပြောခဲ့ပါတယ်။

ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုကို ခုခံနိုင်ဖို့၊ ရုရှားက ခေါ်သွားတဲ့ ယူကရိန်းကလေးတွေကို ပြန်ကယ်နိုင်ဖို့ ကမ္ဘာတလွှားနိုင်ငံတွေက ကူညီခဲ့ကြတာကိုလည်း အလေးအနက် ပြောခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလလယ်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ တချို့ခေါင်းဆောင်တွေက အတည်မပြုသေးတဲ့အတွက် စိတ်ပျက်ရကြောင်းလည်း ယူကရိန်းသမ္မတက ပြောဆိုသွားပါတယ်။

တရုတ်အစိုးရကတော့ ရုရှားပါ တက်ရောက်ခွင့်ရှိဖို့ အဆိုပြုထားတာကို လက်မခံတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတက်မှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။