စစ်ပွဲရက်ဆက်နေတဲ့ ကနီနယ်က ပြည်သူတွေ အကူအညီလို 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေလည်းဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးလွတ်ရာတိမ်းရှောင်နေရသူ ၁ သောင်းနီးပါးရှိနေပြီး ပုန်းရှောင်နေရတဲ့ရက်ကြာလာပြီဖြစ်တဲ့အတွက် အကူအညီတွေလိုအပ်နေကြပါတယ်။ ကနီဒေသဘက်က အခြေအနေသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲကို ဒီဇင်ဘာ ၁၉ ရက်ကစလို့ စစ်ကောင်စီက နယ်မြေရှင်းလင်းနေတာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်ဆိုရင် ၁၀ ရက်ရှိသွားပါပြီ။ အဲ့ဒီ ၁၀ ရက်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ကနီစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပြပါတယ်။

“စစ်ရေးကတော့ တောက်လျှောက်နေ့တိုင်းဖြစ်နေပါတယ်။ မုဌောကျေးရွာနားမှာ စက်လှေတွေက သောင် တင်နေတယ်ခင်ဗျ။ ဒီနေ့က မုဌောနဲ့ နတ်ကြီးနဲ့က ဟိုဘက်ကမ်းဒီဘက်ကမ်းပေါ့နော်။ အခု မုဌောဘက် ကမ်းမှာ မွှေလို့အားရတော့ သူတို့အဲ့မှာ နောက်ချန်အင်အားထားပြီးတော့ နတ်ကြီး(ကျေးရွာ) ဘက်ကမ်းကို အခုထပ်မွှေနေတယ်ပေါ့နော်။ အဲ့မှာ ထိတွေ့တိုက်ပွဲ အခုလည်းဖြစ်နေတယ်ခင်ဗျ။ တိုက်ပွဲက ၂၁ ရက်နေ့ကတည်းက ၉ ရက်မြောက်ရှိပြီ။ ဒီနေ့ကောဆိုရင်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တင်ဆောင်လာတဲ့ စက်လှေ ၆ စီးဟာ ဒီဇင်ဘာလ ၁၈ ရက်ကတည်းက မုံရွာမြို့ဆိပ်ကမ်းကနေ ထွက်ခွာလာတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်ပြီး စစ်ကောင်စီတပ်တွေ မရောက်ခင်ကတည်းက နေရပ်တွေကနေ တိမ်းရှောင်ထွက်ပြေးနေကြပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၁ သောင်းနီးပါးဟာ ထွက်ပြေးတိမ်းရှောင် ရတာ ၁၀ ရက်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတဦးက ပြောပါတယ်။

“အခုဒုက္ခသည်တွေက လောလောဆယ် မြစ်ဘေးမှာ။ စစ်ရေးတင်းမာမှုတွေ၊ မြစ်ကြောင်းအခြေအနေတွေက ရှိတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ စစ်ဘေးပြေးနေရတဲ့အနေအထားလေးတွေ ရှိနေပါတယ်။ ခန့်မှန်းကတော့ ၁ သောင်းဝန်းကျင်မှာ ရှိပါတယ်။ စစ်ဘေးရှောင်နေရတာ ရက်အနေအထားက ၁၀ ရက်လောက်ရှိပါပြီ။ တချို့ကျေးရွာတွေက စစ်ရေးတင်းမာမှုအရ ချိတ်ဆက်ပြီး ပြန်ယူရတဲ့ ရွာတွေရှိသလို ပြန်ယူလို့ မရတဲ့ရွာတွေကလည်း ရှိပါတယ်။ အဲ့မှာရှောင်တိမ်းနေရတဲ့ ရွာတွေကလည်း တပတ်ကျော်ပြီ။ ၁၀ ရက်ဝန်းကျင် ရှိပါပြီ။ ရွာပြန်ယူလို့မရတဲ့ဟာတွေက ဒီအချိန်က ပြည်သူက ပြည်သူသို့ပဲ အကူအညီလေးတွေနဲ့ပဲ တတ်နိုင်သလောက် ကူညီပေးနေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီးရှိနေတယ်။”

အရင်က စစ်ကောင်စီစက်လှေတွေဟာ မြစ်ကြောင်းအတိုင်းသာ ဆန်တက်လာတာဖြစ်တဲ့အတွက် ရက်အနည်းငယ်ပဲ စစ်ဘေးတိမ်းရှောင်ရပေမဲ့ အခုအခါမှာတော့ စစ်ကောင်စီက ရေကြောင်းအပြင် ကုန်းကြောင်းကပါ နယ်မြေရှင်းလင်း ပစ်ခတ်နေတဲ့အတွက် စစ်ဘေးဘေးတိမ်းရှောင်နေရတဲ့ ရက်ကြာမြင့်လာတာပါ။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေကြောင့်လည်း နှစ်ဘက်လုံးမှာ ထိခိုက်ဒဏ်ရာရမှုရှိနေတယ်လို့သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ ကနီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

Your browser doesn’t support HTML5

စစ်ပွဲရက်ဆက်နေတဲ့ ကနီနယ်ကပြည်သူတွေ အကူအညီလို.mp3

====================

[[Unicode]]









