[[Zawgyi/Unicode]]
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘိုတိုက်နယ်အတွင်းက ဇီးကနား ကျေးရွာအုပ်စုကို မြန်မာစစ်တပ်က မနေ့က စက်တင်ဘာ ၇ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပြီး ဒေသခံ ၁၀၀ ကျော်လောက်လည်း ဇီးကနားဘုန်းတော်ကြီးကျောင်းမှာ ပိတ်မိနေတယ်လို့ တိမ်းရှောက်နေတဲ့ ဒေသခံတွေက ပြောပြပါတယ်။ ကန့်ဘလူမြို့နယ် အခြေအနေ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
ကန့်ဘလူမြို့နယ် ကိုးထောင်ဘိုတိုက်နယ်ကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေ မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်ေ့လရှိပါတယ်။ မနေ့က တိုက်ခိုက်မှုဟာ ဒီလပိုင်းတွေအတွင်း ၄ ကြိမ်မြောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လယ် ၁ နာရီလောက် ဇီးကနားအုပ်စုက ကျေးရွာ ၄ ရွာကို မြန်မာစစ် တပ် တိုက်ခိုက်ရေး ဂျက်လေယာဉ်တစ်စီး၊ ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရဟတ်ယာဉ်နဲ့လာပို့တဲ့ စစ်ကောင်စီတပ်သားတချို့ ဇီးကနားရွာနဲ့ နှောကုန်းရွာက ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။
“၁ နာရီလောက်မှာ လေယာဉ် ၃ စီးနဲ့ ၂ စီးက လူချပြီးတော့မှ တစီးက ပတ်ပစ်တာ။ နောက်တော့မှ ၃ စီးစလုံးက ပတ်ပစ်တာ။ သိရသလောက်ကတော့ ၁၀၀ ကျော်လောက်လို့ ပြောနေတာပဲဗျ။ ဒီ ၄ ရွာတန်းကို အရှေ့အနောက် ညှပ်ထည့်ပြီးတော့မှ ဝိုက်ချလိုက်ပြီးတော့မှ အဲ့မှာ အောက်စစ်ကြောင်းနဲ့ အပေါ်က လေယာဉ်နဲ့ ပေါင်းပစ်တာဆိုတော့.. အဲ့ဒီမှာ ကြောက်အားလန့်အားနဲ့ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးတဲ့သူပြေး၊ လယ်ကွင်းထဲ စပါးတောထဲမှာ ပြေးပြီး ဝပ်တဲ့သူက ဝပ်နဲ့ပေါ။ အခုက ဇီးကနားကျောင်းနှစ်ကျောင်းမှာ အရှေ့ကျောင်းနဲ့ အနောက်ကျောင်းမှာ လူ ၁၀၀ လောက်ပိတ်မိနေတယ်။ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားသလိုဖြစ်တော့တာအခုက။”
ဇီးကနားကျေးရွာအုပ်စုထဲက နှောကုန်း၊ လျှော်ဖြူကုန်းအပါအဝင် ၄ ရွာလုံး ပစ်ခတ်ခံရပြီး ရွားအားလုံးက ဒေသခံတွေ ထွက်ပြေးကြရတဲ့အကြောင်း ရွာသားတဦးက ပြောပါတယ်။ ပြေးလွှားတဲ့ကြား ကလေးငယ်တချို့ ပျောက်ဆုံးနေပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ ရှိမရှိဆိုတာကိေုတာ့ အတိအကျ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“ကလေးတွေလည်း တော်တော်ပျောက်နေတာ၊ ရှာကြရတုန်း ရှိသေးတယ်။ ကလေးတွေက ၃ နှစ် ၄ နှစ်သားတွေရော၊ ၅ နှစ် ၆ နှစ်သားတွေရော။ နောက် ၉ တန်းကျောင်းသူ( ၉တန်း ကျောင်းသူအရွယ်) ၂၀ လောက်ကိုတော့ ထုတ်နိုင်လိုက် တယ်။ ၃ နာရီလောက်မှာ။ သူတို့က တပ်စွဲပြီး စောင့်နေသလို ဖြစ်နေတာ၊ ၁၀ တန်းကျောင်းသားတွေကလည်း (၁၀ တန်း ကျောင်းသားအရွယ်) အခုသူတို့က ယောက်ျားလေးမှန်ရင်ကို အကုန်လုံး ကြိုးနဲ့တုပ်ပြီးမှ ထားတာဗျ အကုန်လုံး။ မိန်းကလေးတွေကတော့ လွှတ်ထားတယ်။”
ကန့်ဘလူမြို့နယ်။ ဇီးကနား အုပ်စုက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ မကြာခဏလုပ်လေ့ရှိပြီး နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားတတ်ပေမယ့် အခုတကြိမ်ကတော့ တိုက်ပွဲမရှိဘဲ လာရောက်တိုက်ခိုက်တာဖြစ်သလို စစ်သားအင်အား ၁၀၀ ကျော်လောက် တပ်စွဲထားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေကလည်း လက်ရှိမှာ နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် လိုအပ်ချက်တွေ ရှိနေကြပါတယ်။ အခု လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်နေတာပါ။ ဒေသခံ ကျေးရွာတွေက အိုးအိမ်စွန့်ခွာထွက်ပြေးတဲ့ စစ်ရှောင်ဒုက္ခသည် အရေအတွက်ကတော့ ပိုပြီးတိုးလာနေပါတယ်။ မကြာသေးခင်ကထုတ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံးရဲ့ အစီရင်ခံစာအရ စစ်ကိုင်းတိုင်းအတွင်းမှာ အိုးအိမ့်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် တသိန်းကျော်အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5
===============
[[Unicode]]