ကိုဗစ်ကာလ အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမားတချို့ နစ်နာကြေး ပြန်ရ 

ထိုင်းနိုင်ငံ၊ပထုံဌာနီပြည်နယ် ရေသန့်ဗူးစက်ရုံမှာ ကိုဗစ်ကပ်ဘေးအတွင်း အလုပ်သမားလျှော့ချရာမှာ အလုပ်ပြုတ်သွားပြီးနောက် နစ်နာကြေးရရှိတဲ့မြန်မာအလုပ်သမားများ(photo-MWRN)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း အလုပ်ဖြုတ်ခံခဲ့ရတဲ့ ပထုံဌာနရီ ပြည်နယ် ရေသန့်ဗူးစက်ရုံက အလုပ်သမားတချို့ နစ်နာကြေး ဘတ် ၉ သိန်း ပြန်လည် ရရှိခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကာလအတွင်း အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ ရှိခဲ့တဲ့အနက် အလုပ်သမား ကာကွယ်စောက်ရှောက်ရေးရုံးကို တိုင်ကြားအမှုဖွင့်ခဲ့တဲ့ ရေသန့်ဗူး စက်ရုံအလုပ်သမား ၂၉ ဦးအတွက် နစ်နာကြေး ပြန်ရခဲ့တာလို့ မြန်မာရွှေပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်က ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံပထုံဌာနီပြည်နယ်အတွင်းက ရေသန့်ဗူးစက်ရုံဟာ ကိုဗစ်ကပ်ဘေးကာလမှာ လုပ်သားတွေ လျှော့ချခဲ့ရာမှာ မြန်မာအလုပ်သမားတွေကို အလုပ်ကထုတ်ပယ်ခဲ့တာပါ။ အဲဒီကာလမှာ အလုပ်သမားတွေက အလုပ်ရှင်နဲ့ဆွေးနွေးခွင့်ရဖို့ တင်ပြခဲ့ပေမယ့်အလုပ်ရှင်က ခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်။ ဒီနောက် အလုပ်ကထုတ်ပယ်ခံရတဲ့အလုပ်သမားတွေက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို တိုင်ကြားခဲ့ပြီးတဲ့နောက် တရားရုံးက အခုလို နစ်နာကြေးပေးဖို့ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် အလုပ်ရှင်က ဒီဆုံးဖြတ်ချက် ကိုငြင်းပယ်ပြီး အယူခံဆက်တက်နေတဲ့အတွက် အချိန်ကြန့်ကြာခဲ့ပေမယ့် စက်တင်ဘာလမှာတော့ အလုပ်ရှင်နဲ့အလုပ်သမား ညှိနှိုင်းဆွေးနွေးသဘောတူခဲ့ပြီး အလုပ်သမားတွေ နစ်နာကြေးရရှိခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက်ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“ဒါကတော့ ၂၀၂၁ ကတည်းကဖြစ်ခဲ့တဲ့အမှုပဲ။ တရားရုံးကို အကြိမ်ကြိမ်တက်ပြီးမှ ပြီးပြတ်သွားတာပါ။ နစ်နာကြေးပါ။ လုပ်သားတွေကို အကြောင်းမဲ့သက်သက် အလုပ်ဖြုတ်တဲ့အတွက် နစ်နာကြေးရဖို့လုပ်တာပါ။ အလုပ်ဖြုတ်ခြင်းဆိုင်ရာနစ်နာကြေး ပြန်ရတာပါ။ ၂၉ ယောက်ကို ၉ သိန်းကျော်ပြန်ရပါတယ်။”

ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကပ်ဘေးကာလမှာ လုပ်ငန်းရှင်တွေက စီးပွားရေးအဆင်မပြေလို့ အကြောင်းမျိုးမျိုးနဲ့ အလုပ်ထုတ်ပစ်တာတွေရှိပေမယ့် အလုပ်သမားတွေဘက်က နစ်နာကြေးရဖို့တောင်းဆိုတာတွေကတော့ နည်းပါးပါတယ်။ အကြောင်းမဲ့ ထုတ်ပစ်တာကြောင့် နစ်နာကြေးပြန်ရဖို့လုပ်ဆောင်ခဲ့တယ်လို့ ဦးအောင်ကျော်ကဆိုပါတယ်။

“စီးပွားရေးအဆင်မပြေတာတို့၊ အလုပ်အကိုင်မတိုးတက်တာတို့၊ လူဦးရေများလို့ လျှော့ချတာတို့ ဒါမျိုးတွေကျတော့ ဥပဒေကြောင်းအရ ကာကွယ်လို့ရတယ်။ အကြောင်းမဲ့သက်သက် အပြစ်မရှိဘဲထုတ်တဲ့အတွက် နစ်နာကြေးပြန်တောင်းတာပါ။”

စက်တင်ဘာလ ၁၃ ရက်နေ့မှာပဲ ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်ထဲက အီလစ်ထရောနစ်စက်ရုံလုပ်သား ၁၀၀ ဝန်းကျင်ကို အလုပ်ထုတ်ပစ်တာခံခဲ့ရတာရှိပါတယ်။ ဒါပေမယ့် အလုပ်ရှင်က လုပ်သက်တနှစ်အောက် လုပ်သားတွေကိုသာ ရွေးပြီး ထုတ်ပယ်ခဲ့သလို လုပ်အားခ တလစာနစ်နာကြေးပေးပြီး ဥပဒေနဲ့အညီထုတ်ခဲ့တယ်လို့ ဦးအောင်ကျော်ကဆိုပါတယ်။

“လုပ်သား ထိုင်းရောမြန်မာရောမှာ လူ ၅၀၀ ကျော်ရှိတယ်။ အများစု မြန်မာတွေ များတယ်-ပဏာမကလေ။ မနက်ခင်းမှာပဲ အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ဖြုတ်လိုက်တာပါ။ ဖြုတ်လိုက်တော့ လုပ်သက် တနှစ်အောက်တွေပါ။ လုပ်သက် ၄ လကနေ တနှစ်အတွင်း အလုပ်ထုတ်မယ်ဆိုရင် လက်ရှိ နောက်ဆုံးရနေတဲ့လုပ်အားခရဲ့ ရက်ပေါင်း ၃၀ စာ အလျော်ပေးရမယ်၊ ကြိုတင် အကြောင်းမကြားဘူးဆိုရင် ၁၅ ရက်စာ နစ်နာကြေး ထပ်ပေးရမယ်လို့ ဥပဒေမှာပါတယ်။ ဒါကြောင့် ၄၅ ရက်စာပေးပြီးသူတို့က အလုပ်ထုတ်လိုက် တာဖြစ်ပါတယ်။”

ကိုဗစ်ကပ်ဘေးကာလမှာ စက်ရုံတွေ၊ အလုပ်တွေ၊ ဆိုဒ်တွေက အလုပ်ဖြုတ်ခံရတဲ့မြန်မာအလုပ်သမား အများအပြားရှိပေမယ့် သိန်းနဲ့ချီရှိတဲ့မြန်မာလုပ်သားတွေဟာ နေရပ်ရင်းကိုပြန်ခဲ့တာကြောင့် နစ်နာကြေးလည်းမရ၊ ထိုင်းကိုလည်းပြန်ဝင်ပြီး အလုပ်လုပ်လို့မရတဲ့အဖြစ်တွေကိုလည်း ကြုံကြရတယ်လို့လည်း အလုပ်သမားတွေကပြောပြကြပါတယ်ရှင်။

Your browser doesn’t support HTML5

ကိုဗစ်ကာလ အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမားတချို့ နစ်နာကြေး ပြန်ရ.mp3

===========

[[Unicode]]









