တိုက်ပွဲကြောင့်လမ်းပိတ်ပြီး ကျောက်တော် ပလက်ဝ ဆန်ဝယ်ဖို့ ခက်ခဲ

ပလက်ဝ palatwa

[[Zawgyi/Unicode]]

ချင်းပြည်နယ်၊ ပလက်ဝမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေတက်နေပြီး ဆန်ဝယ်နိုင်ဖို့ကတော့ အတော်လေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလက်ဝကို ဆန်တင်ပို့နေတဲ့ အဓိကရေလမ်းကြောင်းကို ပိတ်ထားလို့ ဆန်ပြတ်လပ်ပြီး အငတ်ဘေးမကြုံဖို့ကို ကြိုးပမ်းနေတယ်လို့ ကူညီပေးနေသူတွေကလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲတွေကြောင့် ဩဂုတ်လအစပိုင်းကတည်းက ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီဘက်က ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လမ်းကြောင်းဖြတ်တောက်ထားလို့ ဒေသတွင်းမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေတက်နေပြီး ဆန်ဝယ်ယူနိုင်ဖို့လည်း မလွယ်တော့ဘူးလို့ ပလက်ဝဒေသခံတဦးက ပြောပါတယ်။

"အခြေခံစားသုံးကုန် ဈေးကတော့ အရင်ကထက်စာရင် တက်တာပေါ့။ ဆန်ဈေးတွေလည်း တက်တယ်။ အလွယ်တကူဝယ်ဖို့က ဆန်ကလောလောဆယ် ပုံမှန်ဝယ် လို့မရဘူးဗျ။ ကျောက်တော်က အဝင်ရှိမှဆိုတော့ ကုန်သည်တွေ၊ ဆန်ရောင်းတဲ့သူတွေက ကျောက်တော်ကသယ်လို့ရမှ သူတို့ဆီမှာ ဝယ်လို့ရမှာကိုး။ လောလောဆယ်တော့ ဒီမှာ ကျနော်တို့ ပလက်ဝမှာက စစ်ရေး လုံခြုံရေးကြောင့် သွားဖို့ အခက်အခဲ ရှိတယ်နဲ့တူတယ်။ အဲဒါကြောင့် အခြေခံစားကုန်တွေ လွတ်လွတ်လပ် လပ်ဝယ်လို့မရတာ ကျနော်တို့သိရတယ်။"

ဆန်နဲ့ စက်သုံးဆီဈေးတွေ အဆမတန်တက်နေပြီး ဝယ်ယူနိုင်ဖို့ကလည်း ခက်ခဲနေတာပါ။ တချို့ စားသောက်ကုန်တွေကိုတော့ ဝယ်လို့ရပေမယ့် ဈေးနှုန်းတွေက တဖြေးဖြေးတက်လာနေတယ်လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

"ခုထက်ထိတော့ ဝယ်လို့ရတုန်းပါပဲခင်ဗျ။ ဈေးကြီးတယ်ဆိုရင်တော့ စီးပွားရေးသမားတွေရဲ့ ထုံးစံပဲလေ။ သူတို့ ဈေးတင်ရောင်းချင်ရင် မရှိဘူးပေါ့။ တက်တာတော့ တက်တာပဲရှိတယ်။"

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကနေတဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဆီ ဆန်အဓိက တင်ပို့ပေးနေတာပါ။ အခုလို နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ဆို့ခံရပြီး ကုန်စည် စီးဆင်းမှုကလည်း ရပ်တန့်နေပါတယ်။ ဩဂုတ်လအစပိုင်းကတည်းက ရေလမ်းကြောင်းပိတ်ဆို့လိုက်ပြီး အချိန်ကြာတာနဲ့အမျှ ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်တောက်မှာကို ကူညီပေးနေသူတွေက စိုးရိမ်နေကြပါတယ်။ အဓိကစားနပ်ရိက္ခာဖြစ်တဲ့ ဆန်ပြတ်လပ်တာမဖြစ်စေဖို့ နိုင်ငံတကာက ကူညီပေးနေတဲ့အဖွဲ့တွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ကူညီပေးနေသူ ကိုကျော်သိန်းက ပြောပါတယ်။

"ကျောက်တော်ဘက်က ဆန်တွေကို သယ်လို့မရတဲ့အခြေအနေ ဖြစ်သွားပြီဆိုတော့ ပလက်ဝဘက်က ဆန်တကယ်ပြတ်လပ်နေတာပါ။ ဆန်၊ ဆီ၊ ဆား အခြေခံစားသုံးကုန်စည်တွေကို ပလက်ဝဘက်က ရွာပေါင်း ၃၀ ကျော်လိမ့်မယ် - အဲဒီဘက်က ရွာတွေဆို ကျနော်တို့ ကျောက်တော်ဘက်က ဆန်တင်မှပဲ အဲဒီဘက်မှာ စားသောက်ရတာအဆင်ပြေတယ်လေ။ အခုက ပလက်ဝဘက်မှာ ဆန်တအိတ်ကို ၁ သိန်းကျော်နဲ့တောင် ဝယ်မရတဲ့ အခြေအနေဖြစ်သွားပြီ။ ရိုးရိုးလှေသွားမယ်ဆိုရင်တောင် ဆန်ပါလို့မရဘူး။ အမှန်မှာ သူတို့က AA ကို ရိက္ခာဖြတ်တဲ့ပုံစံမျိုးလုပ်တာ။ ဒါပေမယ့် ပြည်သူတွေက ဒုက္ခရောက်သွားတာကိုးဗျ။ ကျနော်တို့ မနေ့က အစည်းအဝေးလုပ်တယ်၊ အဲဒီပြည်သူတွေကို အငတ်ပေးလို့မရဘူး။ ရောက်တဲ့နည်းနဲ့ ICRC နဲ့ ဘာလုပ်ရမလဲ၊ နည်းတမျိုးမျိုးနဲ့တော့ ဆန်ရောက်နိုင်အောင် တင်ပို့ရမယ်။ မဟုတ်ရင် ဒီမိုးတွင်းမှာ စားနပ်ရိက္ခာ ဒုက္ခရောက်ပြီး အငတ်ဘေးကိုကြုံလာနိုင်တယ်ဗျ။"

ပလက်ဝမြို့နယ်က စစ်ဘေးရှောင်စခန်းတချို့မှာလည်း ရိက္ခာထောက်ပံ့တာတွေ မရောက်သေးလို့ စားသောက်ဖို့ ဒုက္ခရောက်နေကြပါတယ်။ ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာ မြောက်ဘက်အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာ ရက်သတ္တပတ် ၂ ပတ် ရှိပြီလို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ပလက်ဝဘက်မှာ AA နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒေသခံတွေကတော့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ဆို့ခံရပြီး စားနပ်ရိက္ခာပြတ်လပ်တဲ့ အခြေအနေ ဒီထက်ပိုဆိုးမလာဖို့ကို မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

Kyaut Taw Palatwa ETS long.mp3

===================

[[Unicode]]











===================