ကျိုက်ထီးရိုး တောင်တက်ကားဂိတ်ပစ်ခတ်မှု ၃ ဦးသေဆုံး 

ကျိုက်ထီးရိုး တောင်တက်ကားဂိတ်မှာ တိုက်ခိုက်ခံရဲ့နေရာ။ (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး/အောက်တိုဘာ ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကျိုက်ထီးရိုးဘုရား ကင်မွန်းချောင် တောင်တက်မော်တော်ယာဉ်ဂိတ်မှာ ဒီကနေ့မနက် ၁၀ နာရီအချိန်လောက်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး ဘုရားဖူး ၃ ဦး သေဆုံးခဲ့သလို လူ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကျိုက်ထီးရိုးတောင်တက် လုံခြုံရေးဂိတ်ကို PDF အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဘုရားဖူးအမျိုးသမီး ၃ ယောက်သေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။ ကျိုက်ထီးရိုးဘုရား တောင်တက် မော်တော်ယာဉ်ဂိတ် တိုက်ခိုက်ခံရတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကင်မွန်းစခန်းခေါ် ကင်မွန်းချောင်းကျေးရွာက ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်ဂိတ်မှာ ဒီနေ့မနက်ပိုင်း တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“ ၁၀ နာရီ ၃၅ မိနစ်လောက်မှာ ဖြစ်တာ။ ကင်မွန်းစခန်းကားဂိတ်မှာ ဖြစ်တာ။ သူတို့ လာပစ်တော့ကျ ဘုရားဖူးတွေ ထိတယ်ဗျ။ သေတာ ၃ ယောက်ပါ။ ၁၈ ယောက် ထိသွားပါတယ်။ ကျိုက်ထိုဆေးရုံကို အကုန်လုံး ပို့ပြီးတော့ လိုအပ်တာကို မြို့နယ်အုပ်ချုပ်ရေးကော၊ တပ်ကော။ ဂေါပက အဖွဲ့ကော၊ ရပ်မိရပ်ဖတွေကော လိုအပ်တာတွေ အကုန်လုံးပံ့ပိုးနေပါတယ်။”

ပစ်ခတ်တိုက်ခိုက်မှုနဲ့ လုံခြုံရေးအဖွဲ့တွေ ပြန်လည်ရှင်းလင်းရေး လုပ်ဆောင်ချိန် မိနစ် ၅၀ လောက်ကြာမြင့်ကြောင်း ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာတော့ ပြောဆိုသွားခြင်း မရှိပါဘူး။

သေဆုံးသွားသူ ၃ ယောက်ဟာ ဘုရားဖူးဧည့်သည် အမျိုးသမီးတွေဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်သတင်းမီဒီယာမှာ ထုတ်ပြန်ပါတယ်။

“ကျိုက်ထီးရိုးဘုရားမှာ ဘုရားဖူးလာနေတဲ့ပြည်သူတွေထဲက အမျိုးသမီးသုံးဦးသေဆုံးခဲ့ပါတယ်။ ဘုရားဖူးလာ အမျိုးသား ကျား ၈ ဦး၊ ပြီးရင်တော့ အမျိုးသမီး ၉ ဦး၊ ပေါင်း ၁၇ ဦး ဒဏ်ရာရှိခဲ့တယ်။ အဲဒီမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါတယ်။”

ကင်မွန်းချောင်မော်တော်ယာဉ်ဂိတ်မှာ တိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နဲ့ NUG ၊ CRPH လက်ဝေခံ PDF အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဟာ ဆောင်နိုင်ကြီးကျေးရွာဘက်ကနေ ကားတစီးနဲ့ဝင်ရောက်လာပြီး တောင်တက်ကားဂိတ်ကို အကြောင်းမဲ့ ပစ်ခတ်ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ စစ်ကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးလို့ ဖော်ပြထားပါတယ်။

ဘုရားဖူး ကုသိုလ်ယူတဲ့နေရာမှာ အကြောင်းမဲ့ ဝင်ရောက်တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖေါက် တဲ့ စစ်ရာဇဝတ်မှု ကျုးလွန်တာဆိုပြီးတော့လည်း စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရသူ နဲ့ ဒေသတွင်း PDF အဖွဲ့ တာဝန်ရှိသူတွေကို သိရအောင် VOA အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ချက်ခြင်း တုံ့ပြန် ပြောဆိုချက်တွေလည်း လတ်တလော ထွက်မလာသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ ကျိုက်ထီးရိုးတောင်က အဆင်းကားတွေကိုသာ ခွင့်ပြုပြီး အတက်ကားတွေကို ပိတ်ထားခဲ့သလို အဝင်ကားတွေလည်း မရှိတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကင်မွန်းစခန်းက ထမင်းဆိုင်ရှင်တဦးကတော့ ဘုရားဖူးတွေ တိုက်ခိုက်ခံရတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောပါတယ်။

“ မနက်ဒီ ၁၀နာရီကျော်လောက်ဆိုတော့ အမတို့ကလည်း ချက်ပြုတ်တုန်းပဲ။ ပစ်သံလည်းကြားရော အမတို့က တံခါးတွေပိတ်ပြီးတော့ အိမ်ထဲမှာပဲနေတယ်။ ပစ်တာတော့ ပစ်နေတာပဲ ငါ့မောင်ရေ။ အသံတွေတော့ ကြားတာပေါ့နော်။ ဘယ်ကပစ်လို့ ဘယ်လို ပစ်မှန်းလည်းမသိဘူး။ အပြင်တောင် မထွက်ရဲဘူး။ ကျမတို့က လည်း ဒီဘုရားဖူးအားကိုးပြီး ဈေးရောင်းတော့ မဖြစ်စေချင်ဘူးပေါ့။ ဖြစ်တော့လည်း ရင်ထဲမှာ မကောင်းဘူးပေါ့။”

ကျိုက်ထီးရိုးဘုရားဖူးကာလဟာ သီတင်းကျွတ်လပြည့်နေ့ကစတင်ပြီး ကဆုန်လပြည့်အထိ သတ်မှတ်ထားတာပါ။ ဘုရားဖူးရာသီကာလမှာ နေ့စဉ် ပျှမ်းမျှ ဘုရားဖူး ၅ သောင်းလောက် အထိ ရှိတတ်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထီးဘုရားတည်ရှိရာ ကျိုက်ထိုမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်စေ၊ စစ်တပ်နဲ့ PDF တပ်ဖွဲ့ကြားဖြစ်စေ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။

Your browser doesn’t support HTML5

ကျိုက်ထီးရိုး တောင်တက်ကားဂိတ်ပစ်ခတ်မှု ၃ ဦးသေဆုံး.mp3

===========

[[Unicode]]











