မတည်ငြိမ်တဲ့ငွေလဲနှုန်းနဲ့ ငွေဖောင်းပွမှုဂယက် မြန်မာကုန်ထုတ်မှုကျဆင်းစေ 

ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမြင်ကွင်း။ ၁၈ စက်တင်ဘာ ၂၀၁၅

[[Zawgyi/Unicode]]

မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုကဏ္ဍ အညွှန်းကိန်းတွေဟာ စက်တင်ဘာလထဲမှာ သိသိသာသာပဲကျဆင်းနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ ဈေးကွက်ဆိုင် ရာအချက်အလက်တွေ ဖော်ပြပေးနေတဲ့ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့အခြေစိုက် S&P Global အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပျက်နေတဲ့ ငွေလဲနှုန်းမတည်ငြိမ်တာတွေနဲ့ ငွေကြေးဖောင်းပွတာတွေကြောင့် ပြည်တွင်းထုတ်လုပ်မှုကို ထိခိုက်နေတာလို့ လည်း ပြည်တွင်းလုပ်ငန်းရှင်တချို့က ပြောပါတယ်။ မြန်မာ့စီးပွားရေးအခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

လုပ်ငန်းအသစ်တွေ ထုတ်လုပ်မှုကဏ္ဍကို ဝင်လာပေမယ့်လည်း ကုန်ကြမ်းဈေးတက်တာ၊ ဈေးကွက်ရဲ့လိုအပ်ချက်အတိုင်း လိုက်ပြီးချိန်ညှိနေရတဲ့ ငွေလဲနှုန်းတွေကြောင့် ကုန်ထုတ်လုပ်မှုက လျှင်လျှင်မြန်မြန်ပဲ ကျဆင်းနေတယ်လို့ S&P Global က သုံးသပ်ထားပါတယ်။ တချို့လုပ်ငန်းတွေကတော့ ကုန်ကြမ်းဝယ်ယူတာမှာ ကုန်ကျစရိတ်လျှော့ချတာမျိုး၊ ဝန်ထမ်းလျှော့ချတာမျိုး၊ တစိတ်တပိုင်း ချုပ်လုပ်၊ တပ်ဆင်ထားတဲ့ ပစ္စည်းမျိုးတွေကို တင်သွင်းလာတာမျိုးနဲ့ ထုတ်လုပ်မှုမှာ ကုန်ကျ စရိတ်ကို လျှော့ချကြလာတဲ့အကြောင်း ပြည်တွင်းက အထည်ချုပ် လုပ်ငန်းရှင်တဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

" ဟုတ်တယ်။ ကျတာပေါ့။ အထည်ချုပ်တို့ ဘာတို့ဆို ဘယ်မှာအလုပ်လုပ်တာ ရှိတော့လို့လဲ၊ ပြည်တွင်းထုတ်ကုန်တွေ ဘာမှမရှိတော့ဘူး။ နောက်က လက်ရှိနိုင်ငံခြား investment တွေလည်း ထွက်သွားတာပဲ။ အခုက လက်ရှိက ကိုယ်ထည် သွင်းလိုက်တယ်၊ ကျန်တာ လက်ကလေးတခု တပ်လိုက်တယ်၊ အဲဒါပြီးသွားပြီ။ နဂိုတုန်းကဆို အသေးစိတ်ကအစ ဒီမှဖျင်လိပ်ပဲ သွင်းလိုက်တယ်။ ကျန်တဲ့ဟာတွေ ဒီမှာ အကုန်လုပ်သွားတာ။"

ဆန်စပါး ထုတ်လုပ်ရေးမှာ ကျဆင်းတယ်ဆိုပေမယ့် ရောင်းသူ၊ ဝယ်သူ ပုံမှန်အတိုင်း အဆင်ပြေသွားနိုင်တယ်လို့ တချို့ကခန့်မှန်းပါတယ်။ တခြားလုပ်ငန်းတွေမှာလည်း ထုတ်လုပ်မှုတွေ အသီးသီးကျဆင်းနေတာပါ။ ကုန်ပစ္စည်း ပျမ်းမျှထုတ်လုပ်ချိန် ကြာမြင့်လာတာကလည်း ကာလတလျှောက်မှာ အဆိုးဆုံးဖြစ်တယ်လို့ စီးပွားရေးပညာရှင်တချို့က မြင်ပါတယ်။ ဝယ်လိုအား၊ ရောင်းလိုအား နှစ်ခုလုံးမှာ အကျပ်အတည်း ဖြစ်နေတဲ့ကာလလို့ ပြည်တွင်းက စီးပွားရေးပညာရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ကုန်ထုတ်လုပ်မှုက ကျမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တဘက်ကကြည့်လို့ရှိရင် ကုန်ကြမ်းရော၊ လောင်စာတွေရော အဲဒါတွေ အကုန်လုံးက ဈေးတက်နေတာကိုး။ နောက်တပိုင်းကတော့လည်းပဲ လူတွေမှာ စီးပွားရေးကျပ်တည်းတဲ့အတွက် ဝယ်အားနည်းသွားတယ်။ နောက် နိုင်ငံခြား တိုင်းပြည်တွေကိုလည်းပဲ နိုင်ငံခြားကိုပို့နိုင်တဲ့ ပို့ကုန်ပမာဏလည်းပဲ နည်းသွားတယ်။ အဲဒါကတော့ ဝယ်လိုအားဘက် ကပေါ့။ အဲဒီတော့ နှစ်ဘက်စလုံးက အကျပ်အတည်းရှိတဲ့အတွက် ကုန်ထုတ်လုပ်မှုကတော့ ကျဆင်းမှာပဲ။"

ပြည်တွင်းက စီးပွားရေးပညာရှင်တဦးရဲ့ သုံးသပ်ချက်ပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကုန်ပစ္စည်း ကျဆင်းလာတာ၊ ကုန်ထုတ်လုပ်မှုအချိန် ပိုကြာမြင့်လာတာ၊ ငွေကြေးဖောင်းပွနှုန်းများလာတာ- ဒါတွေ အဓိကတွေရှိချက်တွေ ဖြစ်တယ်လို့ S&P Global အဖွဲ့ရဲ့ အောက်တိုဘာ ၃ ရက်နေ့ကထုတ်ပြန်တဲ့ နောက်ဆုံး ၃ လပတ် အစီရင်ခံစာမှာ ထည့်သွင်းပါတယ်။

Your browser doesn’t support HTML5

မတည်ငြိမ်တဲ့ငွေလဲနှုန်းနဲ့ ငွေဖောင်းပွမှုဂယက် မြန်မာကုန်ထုတ်မှုကျဆင်းစေ.mp3

============

[[Unicode]]






