စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကြောင့် ကန့်ဘလူမြို့နယ်က ၁၄ ရွာထက်မနည်း ဘေးလွတ်ရာ ရှောင်တိမ်းနေ

  • ဇော်ဝင်းလှိုင်

ကန့်ဘလူမြို့နယ် မြေပုံ (မြန်မာအစိုးရ ဝက်ဘ်ဆိုဒ်)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို မြန်မာစစ်တပ်က စစ်အင်အားတွေ ထပ်တိုးပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ ကန့်ဘလူမြို့နယ် ဉာဏ်အင်းကျေးရွာနဲ့ ရွာမရွာက ရွာသူရွာသား ဒါဇင်နဲ့ချီ ဖမ်းဆီးခံထားရတယ်လို့လည်း ဒေသခံတွေက ပြောပြတယ်။ ကန့်ဘလူမြို့နယ်အတွင်းက ထိုးစစ်နဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို မြန်မာစစ်တပ်ဘက်က အောက်တိုဘာ ၂၁ ရက်နေ့ ကစပြီး အင်အား ၈၀ ကျော်လောက်နဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ် စဆင်ခဲ့တာပါ။ ၄ ရက်အတွင်းမှာ စစ်အင်အားတွေ ထပ်ဖြည့်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဒေသခံတွက ပြောပါတယ်။

“အင်အားက ပထမဦးဆုံး လာတာကတော့ ရှစ်ဆယ်နဲ့ကိုးယောက် အင်အားဗျ။ ခမရ ၃၆၇။ သူတို့လာပြီးပြီဆို နောက်ထပ်က အင်အား ၁၀၀၊ ၁၀၀ အဲ့လို ထပ်ဖြည့်တယ်ဗျ။ အခုက အင်အားက အကုန်လုံး ပေါင်းရင်တော့ ၄၀၀ နီးပါးလောက်ရှိနေပြီဗျ။ ရွာတွေကတော့ ၂ ရွာ ဉာဏ်အင်းတရွာရယ်၊ ရွာမတရွာရယ်ရှို့တယ်ဗျ။ အခု ထပ်ပြီးတော့ ဝင်တာက အင်းလယ်ကြီးကို ဝင်နေပြီဗျ။ ရွာတွေကို ရွာစဉ်လိုက် မီးရှို့နေတာကတော့ ခမရ ၃၆၇ ဗျ။”

ဉာဏ်အင်းနဲ့ ရွာမကျေးရွာတွေကို မြန်မာစစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဒေသခံ ရွာသား ၇၀ ဝန်းကျင်လောက်ကိုလည်း ပထမ ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ၈ ယောက်လောက် ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ရွာသားတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်မရသလို စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြန်မာစစ်တပ်ဘက်က ပြန်ဆုတ်သွားတဲ့အခါ စစ်သားတွေ ချန်ခဲ့တဲ့အတွက် ရွာသားတွေ ရွာထဲပြန်ဝင်ဖို့ ခက်နေတယ်လို့ ဒေသခံ ရွာသားကပြောပါတယ်။

“ရှောင်ရတာက ၁၄ ရွာဗျ။ သူတို့က အဲ့ဒီမှာ ကင်းတွေလည်း ချန်ထားခဲ့တော့ ကျနော်တို့က ရွာတွေလည်း ပြန်ဝင်လို့မရဘူးဗျ။ အဲ့ဒီ ရွာဘေးလေးတွေမှာပဲကပ်ပြီးတော့ ရွာတွေက ပဲစင်းငုံခင်းတွေဘေးက တဲလေးတွေဆီမှာပဲ ပြည်သူလူထုတွေက စုပြီးတော့ နေကြတာဗျ။ ပဲစင်းငုံခင်းဘေးလေးမှာ အဲ့မှာပဲ ထမင်းထုပ် ပါတာလေးတွေ မျှပြိးတော့ စားနေကြရတယ်ဗျ။”

နယ်မြေရှင်းလင်းရေး ထိုးစစ် အရှိန်မြင့်လာတာနဲ့အမျှ စစ်ကိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေကလည်း ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်အတွင်း အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမလုပ်ဘူးလို့ ပြောဆိုထားပေမယ့် ကျေးရွာတွေမှာ နေအိမ်တွေ မီးလောင်တဲ့သတင်းတွေကတော့ မကြာခဏ ထွက်ပေါ်နေပါတယ်။ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဒေသခံတွေရဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ကန့်ဘလူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အာဏာသိမ်းပြီးနောက်ပိုင်း အခုချိန်ထိ သူတို့မြို့နယ်ထဲမှာ နေအိမ် ၁ ထောင်ကျော်မီးရှို့ခံထားရပါတယ်လို့ ပြောပါတယ်။

“စစ်ကြောင်းထိုးလာပြီးတော့ မနေ့က ရသစ်ကုန်းက နေအိမ်တလုံးကို မီးရှို့သွားတယ်။ ဒီနေ့မနက်မှာတော့ မျက်အင်းကျေးရွာကို ဝင်မီးရှို့တယ်။ ပြီးတော့ ရမ ကျေးရွာကိုမီးရှို့တယ်ပေါ့။ အိမ်ကလောလောဆယ် စစ်ကြောင်းအနေအထားကြောင့် ရွာထဲကို ဝင်ကြည့်လို့မရသေးဘူးပေါ့။ အနည်းဆုံးတရွာကို ၁၅ လုံး အလုံး ၂၀ ဖြစ်မယ်ထင်တယ်။ အဲ့နားက ကျေးရွာတွေကို စစ်ကြောင်းထပ်ပြီး ထိုးမယ့်အနေအထားရှိတာပေါ့။

ဒါ့အပြင် ဒေသခံ ပြည်သူ ၅၀ နီးပါးလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီစာရင်းတွနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကြောင့် ကန့်ဘလူမြို့နယ်က ၁၄ ရွာထက်မနည်း ဘေးလွတ်ရာ ရှောင်တိမ်းနေ.mp3

=================

[[Zawgyi/Unicode]]










