စစ်ကောင်စီလက်ချက်ကြောင့် ဒီနှစ်အတွင်း သေဆုံးတဲ့ကလေးငယ် ၁၆၅ ဦးရှိ

လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (Photo: Citizen Journalist)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် ကလေးငယ် အနည်းဆုံး
၁၆၅ ယောက် သေဆုံးခဲ့တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရက ပြောပါတယ်။
ဒါဟာ အာဏာသိမ်းတဲ့ မနှစ် ၂၀၂၁ ခုနှစ်ကထက်စာရင် သေဆုံးမှုနှုန်း ၇၈% တက်သွားတာလို့ ပြောပါတယ်။

NUG နဲ့ အတိုက်အခံအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ခဲ့တဲ့အတွက် အခုလို ကလေးငယ်တွေ သေဆုံးတဲ့ အရေအတွက်တိုးလာတာလို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ NUG က အခုထုတ်ပြန်တဲ့စာရင်းဟာ မှန်ကန်မှုရှိကြောင်း ICG နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Thomas Kean ကလည်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်တခုတည်းမှာတင် ကလေးငယ်အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရပါတယ်။ ဒီလို စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးကြရတာအပြင် ကလေးငယ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ ညှဉ်းပန်း နှိပ်စက် ခံခဲ့ကြရတယ်လို့လည်း ဇွန်လမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မကြာခင်ရက်ပိုင်းတုန်းက အမေရိကန်လွှတ်တော်ကအတည်ပြုပြီး သမ္မတက လက်မှတ်ထိုးအတည်ပြုလိုက်တဲ့ NDAA ကာကွယ်ရေးဆိုင်ရာဥပဒေမှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို တိုးမြှင့်ထောက်ခံတဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အဖွဲ့တွေကို နည်းပညာနဲ့လုပ်ငန်း ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ ကူညီ ထောက်ပံ့မှုတွေ ပေးရေး ထည့်သွင်းထားပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီလက်ချက်ကြောင့် ၂၀၂၂ မှာ ကလေး ၁၆၅ ဦး သေဆုံး.mp3

====================

[[Unicode]]




