တန့်ဆည်မြို့နယ်ထဲ ရွာပေါင်း ၂၀ ကျော်မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း စက်တင်ဘာ ၉ ရက်ကနေ ၂၆ ရက်အတွင်း ကျေးရွာတွေကို မီးရှို့ခံထားရတဲ့ ကျေးရွာတွေမြင်ကွင်း။ (ဓာတ်ပုံ-တန့်ဆည် ပကဖ)

[[Zawgyi/Unicode]]

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ထဲမှာ စက်တင်ဘာလ လတဝက်အတွင်း ကျေးရွာ ၂၁ ရွာ၊ နေအိမ်ရာနဲ့ချီ မီးလောင်ကျွမ်းခဲ့တယ်လို့ စစ်တမ်းကောက်ယူတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာကို အတည်ပြုပေမယ့် အရပ်သားနေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးတာ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒေသခံတွေကတော့ သူတို့အိမ်တွေကို စစ်သားတွေမီးရှို့တာလို့ ပြောကြတာပါ။ စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့နေအိမ်တွေ ဆုံးရှုံးခဲ့တဲ့ အခြေအနေနောက်ဆုံး သိထားသမျှ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ဆက်ပြီးတင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ တကျော့ပြန် နယ်မြေရှင်းလင်းစစ်ဆင်ရေးလုပ်နေတာ အခုဆို ၁ လ ကျော် ရှိသွားပါပြီ။ ဒေသခံပြည်သူ့ကာကွယ်ရေး PDF နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေ ခိုလှုံနေတယ်လို့ဆိုပြီး ကျေးရွာတွေကို စစ်တပ်ဘက်က ရှင်းလင်းနေတာပါ။ စက်တင်ဘာ ၁၆ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ၁၃ ရက်အတွင်း ကျေးရွာ ၂၁ ရွာက နေအိမ်ပေါင်း ၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ တန့်ဆည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

“ကျေးရွာက မီးရှို့တာ ဒီနေ့ကော ပေါင်းရင်တော့ ၂၁ ရွာဖြစ်သွားပြီ။ အဲ့ထဲမှာ မီးရှို့ခံရတဲ့ အိမ်ခြေက ၈၀၀ ကျော်သွားပြီပေါ့။ တိုက်ပွဲမရှိလည်း သူတို့က မီးရှို့နေ တာပဲ။ သူတို့က တရွာဝင်တရွာထွက် ဝင်တဲ့ရွာတိုင်းကို ရှို့နေတာ။ စစ်ဘေးရှောင်တွေက လောလောဆယ် ရွာတွေမီးရှို့ခံနေရတဲ့သူတွေကတော့ တောထဲတွေမှာ တဲထိုးပြီး နေကြရတာတွေရှိတယ်။ လောလောဆယ် အကူအညီကတော့ လိုအပ် တယ်။ ရာသီဥတုကလည်း ဟိုဟာဖြစ်နေတာ (မိုးရွာ) အခြေနေက သက်ကြီးရွယ် အိုတွေ၊ လူမမာတွေဆိုရင် ဒုက္ခရောက်တယ်။ ကျန်းမာရေး မကောင်းတာတွေလည်း ရှိတာပေါ့။ ဆေးဝါးနဲ့စားသောက်ဖို့ ရိက္ခာက အခက်အခဲရှိတယ်။”

ရွာတွေ မီးလောင်၊ စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့အကြား ဘေးလွတ်ရာ ထွက်ပြေးနေတဲ့ စစ်ဘေးရှောင်တွေလည်း တနေ့တခြား ပိုများလာနေပါတယ်။ တန့်ဆည်မြို့နယ်ထဲက ရေဦးကုန်း၊ နဘက်ကြီး၊ အင်းတော၊ ငှက်ပျောတော၊ စတဲ့ ကျေး ရွာက နေအိမ်တွေက အများဆုံး မီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ သြဂုတ်လတုန်းက တွေ့ဆုံခဲ့တုန်းက မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးမရှို့ခြင်း မရှိပါဘူးလို့ ပြောကြားခဲ့တာပါ။ မီးရှို့ခံရတဲ့ရွာတွေက ဒေသခံတွေကတော့ သူတို့အိမ်တွေကို စစ်သားတွေ မီးရှို့တာလို့ ပြောကြပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ အခု ကောက်ယူထားတဲ့စာရင်းဟာ စက်တင်ဘာလ နောက်ဆုံး ၂ ပတ်အတွင်း မီးလောင်တဲ့အိုးအိမ်တွေရဲ့ စာရင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတချို့က နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်လို့မဟုတ်ဘူး။ သူတို့ရဲ့ရည်ရွယ်ချက်ကိုက အိမ်တွေကို မီးရှို့ဖို့ လာတာနဲ့တူတယ်။ ဘာမှမလုပ်တဲ့ရွာတွေလည်း အကုန်ရှို့တယ်။ တိုက်ပွဲကမဖြစ်ဘူး။ တိုက်ပွဲမဖြစ်ဘဲ အရှို့ခံရတဲ့ ရွာတွေများတာ။ တိုက်ပွဲဖြစ်တာဆို အောင်ချမ်းသာ တရွာပဲရှိတာ။ အောင်ချမ်းသာမှာဆို ခဏလေးပဲ တိုက်ပွဲဖြစ်တယ်။ အဲ့ဟာလေးပဲ။”

၁၃ ရက်အတွင်း အိမ်ခြေ ၈၀၀ ကျော် မီးရှို့ခံရတယ်ဆိုတဲ့ စာရင်းဟာ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒေသခံကျေးရွာနေအိမ်တွေ မီးလောင်တာ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း မြန်မာစစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန် စွပ်စွဲပြောဆိုနေဆဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

တန့်ဆည်မြို့နယ်ထဲ ရွာပေါင်း ၂၀ ကျော်မီးရှို့ခံရ.mp3

--==========

[[Unicode]]







