တရုတ်နယ်စပ်ဂိတ် ၂ ခု မြန်မာယာဉ်မောင်းတွေ ဝင်ခွင့်ပြု 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ် ၂ ခုမှာ တရုတ်နိုင်ငံသားယာဉ်မောင်းနဲ့သာ တရုတ်နိုင်ငံတွင်း ဝင်ရောက်ခွင့်ရတဲ့စနစ်ကို ဗုဒ္ဓဟူးနေ့ကစပြီး ပယ်ဖျက်ခဲ့ပါတယ်။ ဒါဟာ ကိုဗစ်ကပ်ရောဂါ စဖြစ်ပြီးကတည်းက တင်းကျပ်ထားတဲ့ နှစ်နိုင်ငံကုန်သွယ်ရေး ကန့်သတ်ချက်တခုကို ဖြေလျှော့ပေးလိုက်တာပါ။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံထဲကို မြန်မာကုန်ကားတွေဝင်မယ်ဆိုရင် တရုတ်ယာဉ်မောင်းနဲ့မှ မောင်းဝင်ခွင့်ပြုတဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်တွေကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ယူနန်ပြည်နယ်၊ ဝမ်တိန်ဂိတ် အကောက်ခွန်ဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်က ကျင်စန်းကျော့ဂိတ်နဲ့ ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်ကို ဖြေလျှော့ပေးလိုက်တာပါ။ ဒီလို ဖြေလျှော့လိုက်တဲ့အတွက် တရုတ်-မြန်မာ နှစ်ဘက်စလုံး အကျိုးအမြတ်ရှိကြောင်း မူဆယ်ဆန်ကုန်သည်အသင်းရဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

"စရိတ်သက်သာတယ် ဆိုတာကလည်း ကုန်သည်တွေအဖို့ အင်မတန်မှ အဆင်ပြေတဲ့ ကိစ္စတခုပေါ့။ အခုတော့ အစားထိုးယာဉ်မောင်းစနစ်ကို ပယ်ဖျက်လိုက်ပြီးတော့ မိမိကားကိုယ်မိမိ မောင်းပြီးဝင်နိုင်သည့်စနစ်ဟာ ကားသမားတွေအတွက်ရော ကုန်သည်အတွက်ရော ပိုပြီးအကျိုးအမြတ်ရှိတဲ့ အလုပ်လို့ ရှုမြင်ပါတယ်။"

မြန်မာဘက်က ဖရဲ၊ သခွား၊ ဆန်၊ ဆန်ကွဲ၊ ရာဘာ၊ ပဲ၊ ပြောင်း၊ နှမ်းနဲ့ တခြားစားသောက်ကုန်ကားတွေ ကျင်စန်းကျော့ဂိတ်ကနေ တရက်ကို အစီး ၁၂၀ လောက် တရုတ်ပြည်ထဲကို မြန်မြန်ဝင်ခွင့်ရသွားသလို တရုတ်ဘက်ကလည် ကုန်ကား အစီး ၅၀ လောက် မြန်မာဘက်ကို တိုက်ရိုက်ဝင်ခွင့်ရသွားပါတယ်။ ဒီစနစ်ကို ၂ နှစ်အတွင်းမှာ ပထမဦးဆုံး ပယ်ဖျက်လိုက်တာပါ။ မြန်မာကုန်ကားကို တရုတ်နိုင်ငံသားနဲ့ အစားထိုးဝင်တဲ့စနစ်မှာတော့ ကုန်ကားအပျက်အစီးရှိသလို တရုတ်နိုင်ငံထဲမှာ ကားကို ပြန်ရှာလို့မရတာတွေ ဖြစ်ခဲ့တယ်လို့ မူဆယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

"ဒါ First time ပဲလေ။ အရင် ရှန်တိန်ထည့်တယ်။ ကိုဗစ်ဖြစ်တုန်းက။ ရှန်တိန်ထည့်ပြီး အခုဒါ လူစားထိုးစနစ် မလုပ်တော့ဘဲနဲ့ တိုက်ရိုက်ဝင်လို့ရတဲ့ဟာကို လုပ်လိုက်တာ ဒါပထမဦးဆုံးပဲ။ မူဆယ်လမ်းကြောင်းတက်ရင် ကားတစီးကို တလမှတခေါက်ပဲရတယ်။ အဲလောက်တောင်ကြတယ်။ အတွင်းထဲ (တရုတ်ထဲ) ဝင်ရင် ကားဘယ်ရောက်လို့ ရောက်မှန်း မသိ၊ ရှန်တိန်လက်ထဲ ပါသွားရင်။ ကျနော်တို့မှာ ရင်တမမနဲ့။ ဟိုထဲပါသွားပြီဆိုရင် ကားကစုတ်ပြတ်သတ်ပြီး ပြန်လာတာ၊ ကားက အင်ဂျင်ချရင်ချ မချရရင် ဘော်ဒီတိုက်တာတို့က အစ။"

လာမယ့် ၂၀၂၃ ဇန်နဝါရီလ ၉ ရက်မှာ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ အားလုံးဖွင့်ဖို့ ကြိုတင်ညွှန်ကြားချက်တခုလည်း ရှိထားတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။ အဲဒီစာထဲမှာတော့ တရုတ်နိုင်ငံထဲ ဝင်မယ့်မည်သူမဆို ၂၄ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း အထောက်အထား ပါရမှာပါ။ သတ်မှတ်ထားတဲ့ ဟိုတယ်မှာ ၇ ရက် စောင့်ကြည့်ခံပြီးတာနဲ့ နယ်စပ်မြို့တွေမှာ နေထိုင်၊ အလုပ်လုပ်ခွင့်ရမှာ ဖြစ်တယ်လို့ ယူနန်ကျန်းမာရေးဌာနရဲ့ ကနဦး ကြေညာချက်တချို့မှာ ရေးသားထားပါတယ်။

တရုတ် ယူနန်အစိုးရ အကောက်ခွန်ဌာနဟာ မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို မြန်မာမှာ ကိုဗစ်ရောဂါစဖြစ်တဲ့ ၂၀၂၀ မတ်လနောက်ပိုင်းကစပြီး လိုအပ်သလို ကန့်သတ်၊ ပိတ်ဆို့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီလို ကန့်သတ်မှုတွေဟာ ကိုဗစ်ရောဂါထိန်းချုပ်ရေးထက် တရုတ်လုပ်ငန်းရှင်တွေရဲ့ ကုန်သွယ်ရေး အသာစီးရလိုမှုဖြစ်နေတယ်လို့ မြန်မာကုန်သည်တွေဘက်က မြင်လာပါတယ်။ မလိုလားတဲ့ကန့်သတ်မှုတွေကြောင့် မြန်မာဘက်မှာ ပို့ကုန် ကုန်ကျစရိတ်တွေ များလာသလို သွင်းကုန်တွေလည်း အဆမတန် ဈေးကြီးတာတွေနဲ့ ကြုံတွေ့လာရပါတယ်။

Your browser doesn’t support HTML5

တရုတ်နယ်စပ်ဂိတ် ၂ ခု မြန်မာယာဉ်မောင်းတွေ ဝင်ခွင့်ပြု .mp3

=================

[[Unicode]]







