နိုင်ငံခြားကိုယ်စားလှယ်တွေ ထပ်လာဖို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဖိတ်ခေါ် 

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က ဗွီအိုအေနဲ့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သီးသန့်အင်တာဗျူး ။ (သြဂုတ် ၁၂၊ ၂၀၂၂)

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က ဗွီအိုအေနဲ့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သီးသန့်အင်တာဗျူး ။ (သြဂုတ် ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]


တိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi လာရောက်ခဲ့တာအတွက် တရုတ်ဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်ပေမယ့် ထိုင်ဝမ်ရဲ့ လုပ်ဆောင်မှုကို တားဆီးနိုင်မှာမဟုတ်သလို နိုင်ငံရပ်ခြားကိုယ်စားလှယ်တွေ နောက်ထပ်လာရောက်ဖို့ ဖိတ်ခေါ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးက VOA ကို သောကြာမှာ ပြောပါတယ်။

အမေရိကန်ကိုယ်စားလှယ်လာရောက်ချိန်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေနဲ့ ထိုင်ဝမ်ရေလက်ကြားရဲ့ အခြေအနေ မတည်ငြိမ်အောင်လုပ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က VOA သီးသန့်တွေ့ဆုံမေးမြန်းချိန်မှာ အပစ်တင်ဝေဖန်လိုက်သလို ဒါဟာ ထိုင်ဝမ်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲစေမှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အကြီးတန်း ဗြိတိန်လွှတ်တော်အမတ်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနှစ်ကုန်လောက်မှာ ထိုင်ဝမ်ကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ Guardian သတင်းမှာ ဖေါ်ပြထားသလို အမေရိကန် အောက်လွှတ်တော် လူနည်းစုအမတ်ခေါင်းဆောင် Kevin McCarthy ကလည်း တကယ်လို့ နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲမှာ သူ့ရီပတ်ဘလစ်ကင်ပါတီ အနိုင်ရရင် အောက်လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ သူ ထိုင်ဝမ်ကို သွားမှာဖြစ်ကြောင်း မကြာသေးခင်ကပဲ ပြောကြားခဲ့တာပါ။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်ဝမ်ကို ထောက်ခံပံ့ပိုးဖို့ လာရောက်မယ့် သူ အားလုံးကို ကြိုဆိုကြောင်း ပြောပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေ ထိုင်ဝမ်ကို သွားလေ့ရှိပေမယ့် အခု Pelosi ရဲ့ ခရီးစဉ်ကတော့ နှစ်ပေါင်းအစိတ်အတွင်း ပထမဆုံး အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ သွားရောက်တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကို တရုတ်နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်ဘက်ကတော့ ဒါဟာ သူတို့ရဲ့ အချုပ်အခြာအာဏာပိုင် ဆိုင်မှုကို ချိုးဖေါက်တာအဖြစ် ရှုမြင်နေသလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။

တရုတ်ဘက်က ဒီသီတင်းပတ်အစောပိုင်းမှာ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ပြီလို့ ကြေညာနေပေမယ့် တရုတ်နဲ့ထိုင်ဝမ် ကြား ကြားခံလိုင်းအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်က ဂျက်တိုက်လေယာဉ်တွေ ဆက်လက် ပျံသန်းနေဆဲ ဖြစ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Your browser doesn’t support HTML5

နိုင်ငံခြားကိုယ်စားလှယ်တွေ ထပ်လာဖို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဖိတ်ခေါ်.mp3

==========

[[Unicode]]







