[[Zawgyi/Unicode]]
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်ထဲမှာရှိတဲ့ TNLA တအန်း၊ ပလောင်တပ်ဖွဲ့ အခြေစိုက်စခန်းတခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရုတ်တရက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ TNLA ဌာနချုပ်အနားမှာဖြစ်တဲ့ အဲဒီတိုက်ပွဲဟာ ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းအထိ ပြင်းထန်နေပါတယ်။ ဒီ တိုက်ပွဲအခြေအနေ စုံစမ်းမေးမြန်းချက်ကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ အခြေစိုက်တဲ့ TNLA (တအန်းပလောင်) တပ်စခန်းကို ၇ ရက်၊ နေ့ခင်း ၂ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို နမ့်ဆန်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။
“မနေ့ကနေ့လယ်ပိုင်း TNLA တအန်း(ပလောင်) တပ်မတော်က သူ့ဟာသူ နေတာ။ အဲဒါကို တပ်မတော်က ရဟတ်ယာဉ်နဲ့လာပြီးတော့ ရဲဘော်တွေ၊ အဲဒီနားတဝိုက်မှာ TNLA တပ်ဖွဲ့ရှိရာအနီးအနားတဝိုက် ပတ်ပတ်လည်ကို သူတို့ ရဲဘော် လာချသွားတာပေါ့လေ။ အဲဒီမှာ ထိုးစစ်ဆင်တဲ့သဘော။ ဝိုင်းပြီးတော့ ပိတ်ဆို့တဲ့သဘော။ အဲဒီမှာ တိုက်ပွဲ ထိတွေ့မှုဖြစ်တာပေါ့။”
တိုက်ပွဲဖြစ်ပွားရာဘက်ကို နမ့်ဆန်အခြေစိုက် စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ် တာကြောင့် ရွာသားတွေ တိမ်းရှောင်ထွက်ပြေးနေရကြောင်းလည်း ပြောပါတယ်။
“နမ့်ဆန်ကနေလည်း လက်နက်ကြီးနဲ့လှမ်းပြီးတော့ ကူပစ်ပေးတဲ့အနေအထားမှာ ပြည်သူလူထု နေအိမ်တွေ အဲဒီမှာ ပတ်ပတ်လည်အန္တရာယ်များတဲ့အခါကျတော့ တောတွေထဲ လက်ဖက်ခြံတွေထဲ ထွက်ပြေးရတာပေါ့ လောလောဆယ်တော့။ ရေချောင်းအထိ ဆင်းတဲ့လူဆင်း။ တောင်ယာသွားတဲ့သူသွား။ ပြေးတဲ့လူပြေး အဲလို ကစဉ့်ကလျား ဖြစ်သွားတာပေါ့ဗျာ။ အသံဒုန်းဒုန်း ဒိုင်းဒိုင်းကတော့ ဒီမနက်အထိကြားရတယ်။ မနေ့က ညပိုင်းအထိလည်း တိုက်ပွဲက အဲဒီအသံက အဆက်မပြတ်ပဲ။”
တိုက်ပွဲကြောင့် အနည်းဆုံး ကျေးရွာ ၄ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ TNLA ပြန်ကြားရေးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ နမ့်ဆန်မြို့နယ် ဟူမန်းကျေးရွာအုပ်စု ကုန်းသာရွာကို နေ့ခင်း ၂ နာရီအချိန်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ တပ်ဖွဲ့ဝင်တွေ သယ်ဆောင်လာပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ညနေ ၅ နာရီမှာ မန်တုံနဲ့ နမ့်ဆန်မြို့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို တိုက်လေယာဉ်နဲ့လည်း ဗုံးကြဲခဲ့တာကြောင့် ကုန်းသာရွာက နေအိမ်အချို့ မီးလောင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲအခြေအနေပြင်းထန်နေဆဲပဲလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးမိုင်အိုက်ကျော်က အခုညနေ ၄ နာရီခွဲမှာ VOA ကို ပြောပါတယ်။
“တိုက်ပွဲက ဒီနေ့လည်း လက်နက်ကြီးတွေ အဆက်မပြတ်ပစ်တယ်။ ဒီ ရဟတ်ယာဉ်တွေ။ ဂျက်ဖိုက်တာတွေနဲ့ရော မနက်အစောပိုင်းကတည်းက အခု အခုလေးတင်အထိ ဆက်ပစ်နေတယ်။ ခြားခြားပြီးမှ လာပစ်တယ်။ တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်။ ကျနော်တို့ ဌာနချုပ်နဲ့တော့ နီးတယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးတွေလည်း ကျနော်တို့နားမှာလည်း ကျရောက်လာတာလည်း ရှိပါတယ်။”
တအန်း(ပလောင်) မီဒီယာဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကတော့ ၈ ရက်နေ့မနက် ၁၀ နာရီအထိ တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြထားသလို သျှမ်းသံတော်ဆင့်သတင်းဌာနကတော့ ၈ ရက်နေ့မှာ နမ္မတူနဲ့ သီပေါဘက်ကနေ စစ်ကောင်စီစစ်ကြောင်းတွေ တပ်ကူလာနေကြောင်း ဒေသခံတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
လက်ရှိ အခြေအနေမှာ စစ်ကောင်စီတပ်တွေဟာ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းအပြင် တနင်္သာရီ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ဆင်ရေးတွေ ဆောင်ရွက်နေပါတယ်။ လအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ TNLA အပေါ် ထိုးစစ်ဆင်လာတာကြောင့် နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူတွေအကြား အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။
TNLA တပ်စခန်းကို အခုလို အလစ်အငိုက် တိုက်ခိုက်ခဲ့တဲ့အပေါ်မှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ရဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို သုံးသပ်ထားပါတယ်။
“ ကျနော်ထင်တာတော့ မဟာဗျူဟာချပြီး လုပ်နေတယ်နဲ့ တူပါတယ်ဗျ။ စစ်ကောင်စီဘက်ကလေ။ အားလုံးနေရာဒေသ အသီးသီးမှာ အဘက်ဘက်က ယိုယွင်းပျက်ဆီးပြီဆိုတဲ့ အခြေအနေမျိုးများ လိုချင်သလားတော့ မပြောတတ်ဘူးပေါ့ဗျာ။ နေရာအနှံ့အပြား လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာပြီးတော့ ငြိမ်းချမ်းမှုမရှိလို့ ဒီအခြေအနေမျိုးအောက်မှာတော့ ရွေးကောက်ပွဲက မဖြစ်နိုင်တော့ဘူး စသည်ဖြင့် အဲသည်လိုများ ကြံနေလားတော့ မသိဘူးပေါ့ဗျာ။ နေရာတိုင်းရှုပ်အောင်တော့ လုပ်နေတာပဲဗျ။ အနန့်ပါ ဗုံးကြဲတဲ့နောက်ပိုင်းပေါ့ဗျာ။ မြောက်ဘက်က အဖွဲ့တွေကို နည်းနည်းလေး ရန်ရှာနေတဲ့သဘောတော့ တွေ့ရတယ်ဗျ။”
လက်ရှိ TNLA ဌာနချုပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
နိုဝင်ဘာလကုန်ပိုင်းကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်အနီးက သူတို့ အခြေစိုက်စခန်းကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ လောလောဆယ်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်မှာ တိုက်ပွဲဖြစ်ပွားမယ်ဆိုတဲ့သတင်းကြောင့် ပြည်သူတွေအကြားမှာ မတည်မငြိမ်ဖြစ်နေပါတယ်။
Your browser doesn’t support HTML5
=================
[[Unicode]]
TNLA တပျစခနျးကို အခုလို အလဈအငိုကျ တိုကျခိုကျခဲ့တဲ့အပေါျမှာတော့ ပအိုဝျးအမြိုးသားလှတျမွောကျရေး အဖှဲ့ခြုပျ PNLO ရဲ့နာယက ဗိုလျမှူးကွီး ခှနျဥက်ကာက အခုလို သုံးသပျထားပါတယျ။