ညောင်လေးပင်ခရိုင် တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀,၀၀၀ ကျော် တိမ်းရှောင်နေရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် (Crd: MIMU)

[[Zawgyi/Unicode]]

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU/KNLA နဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ပွဲတွေ၊ မြန်မာစစ်တပ်ဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၈ ရွာက လူပေါင်း ၂၀,၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ရှောင်ကူညီရေး အဖွဲ့တွေက ပြောပါတယ်။ ညောင်လေးပင်ခရိုင်ထဲက စစ်တပ်ရဲ့ တပ်စခန်း ၃ ခုလုံးကို သိမ်းပိုက်ခဲ့တယ်လို့ KNU ဘက်က ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ထားပေမဲ့ မြန်မာစစ်တပ်ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောကြားတာ မရှိသေးပါဘူး။ ညောင်လေးပင် ခရိုင်ထဲ တိုက်ပွဲ ဆက်ဖြစ်ပွားနေတဲ့အခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေထဲက KNLA တပ်ရင်း ၂ ခုနဲ့ မြန်မာစစ်တပ်တို့ နိုဝင်ဘာ ၁၂ ရက်၊ ၁၃ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အကြောင်း စစ်ဘေးရှောင်တွေကို အကူညီပေးနေတဲ့ အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ရွှေကျင်မြို့ဘက်ကို အများဆုံး ထွက်ပြေးလာကြပြီး ယခုလက်ရှိတော့ မြို့ပေါ်က ဘုန်းကြီးကျောင်း ၁၂ ကျောင်းမှာ ယာယီခိုလှုံနေကြတယ်လို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။ ဒီကျောင်း ၁၂ ကျောင်းမှာပဲ လူဦးရေ ၂,၀၀၀ ကျော် ခိုလှုံနေပြီး တချို့ကတော့ နီးစပ်ရာ ဆွေမျိုးသားချင်း အိမ်တွေမှာ ခိုလှုံနေကြတာပါ။ အခုထိတော့ တယောက်ချင်းစီတိုင်းအတွက် အကူအညီတွေ လုံလုံလောက်လောက် မပေးနိုင်သေးကြောင်း အကူအညီပေးနေတဲ့ ရွှေကျင်ဒေသခံတဦးက ပြောပါတယ်။

"တချို့ဆို ပိတ်မိနေပြီး ရွာကနေပြန်မထွက်နိုင်တဲ့ လူမျိုးတွေလည်း အများကြီးရှိတယ်။ ဒီထက်ပဲ များဖို့ရှိတယ်။ အခက်အခဲကတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ ပထမတခေါက်ကလည်း အဲလိုတွေ ဖြစ်ထားတော့ ပထမက အလှူရှင်က အရမ်းများတယ်။ ဒီတခေါက်မှာတော့ အမှန်အတိုင်းပြောရရင် ပထမတခေါက်တုန်းက ရက်ရှည်ပုံစံဆိုတော့ ဒီတခေါက်ကို အခြေအနေ စောင့်ကြည့်နေကြတယ်။ အရမ်းဆိုးရင်တော့ ဝိုင်းကူကြမယ့်သဘောတော့ ရှိတယ်။ လောလောဆယ်တော့ အကုန်လုံး အယောက်စေ့တော့ မရနိုင်သေးဘူး အကူအညီကလေ။"

KNU ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ ဒီဒေသမှာရှိတဲ့ ကျေးရွာ ၁၈ ရွာက ဒေသခံတွေ ၂ သောင်းနီးပါးလည်း တခြားနေရာတွေမှာ ပြောင်းရွှေ့ခိုလှုံနေရတယ်လို့ ရေးသား ထားပါတယ်။ တိုက်ပွဲက ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်ကြားမှာ ဖြစ်ပွားခဲ့တာပါ။ ဒီနေရာတွေမှာ ရွှေတူးဖော်တဲ့သူတွေ ရှိနေတာကြောင့် လေယာဉ် ဗုံးဆံကျတဲ့အချိန်မှာ ရွှေတွင်းအလုပ်သမားတချို့ ထိခိုက်ခဲ့ကြောင်း စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အဲဒီနေ့က ထိတာတွေလည်းရှိတယ်။ ရွှေစက်ရှိတာကိုး အဲဒီမှာ၊ ရွှေစက်လုပ်တဲ့သူတွေ ရှိတယ်ဆိုတော့ အဲဒီမှာ အပေါ်က လေယာဉ်ပစ်တဲ့ ဥစ္စာတွေက ကောင်မလေးတွေကို ထိတယ်။ ကျောက်ကြီး မြို့နယ်ထဲကပဲ။"

တချို့ကျေးရွာက နေအိမ်၊ အဆောက်အဦတချို့လည်း ပျက်စီးခဲ့တယ်လို့ သူကပြောပါတယ်။ တိုက်ပွဲနဲ့ မလွတ်ကင်းတဲ့ အနီးတဝိုက်က ကျေးရွာဒေသခံတွေက နီးစပ်တဲ့ ရွှေကျင်နဲ့ ကျောက်ကြီး မြို့ပေါ်က ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဖြန့်ပြီး ခိုလှုံနေရတာပါ။


KNU က ဒီနေ့ကြေညာချက်ထဲမှာတော့ မြန်မာစစ်တပ်ရဲ့ သံဆိပ်၊ ဘောကထာ၊ တုံးတံတား စတဲ့ စခန်းသုံးခုကို တရက်အတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ အခုလို ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ပြန်ဖြစ်လာတာ ဒီလပိုင်းအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းမှာလည်း ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်နဲ့ လက်နက်ကြီး အသုံးပြုမှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကျေးရွာပေါင်း ၁၀၀ ကျော်က ဒေသခံတသိန်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

Your browser doesn’t support HTML5

ညောင်လေးပင်ခရိုင် တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀,၀၀၀ ကျော် တိမ်းရှောင်နေရ.mp3

===============

[[Unicode]]







