[[Zawgyi/Unicode]]
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ဖလောင်းပြင်၊ ဆင်ကြီးပြင်နဲ့ ထောင့်ချောင်းကြီးကျေးရွာတွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ် အပြန်အလှန် တိုက်ခိုက်နေတဲ့နေရာဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေ ဘေးလွတ်ကိုထွက်ပြေးနေကြရတယ်လို့ ပြောကြပါတယ်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အခြေအနေ သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင် တင်ပြပေးထားပါတယ်။
မင်းပြား-မြေပုံကားလမ်းမအနီးမှာရှိတဲ့ ဖလောင်းပြင်ကျေးရွာမှာ ဒီကနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၈ နှစ်အရွယ်ကလေးတဦးနဲ့ အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ ဖလောင်းပြင်ကျေးရွာသားတဦးကပြောပါတယ်။
“ ဖလောင်းပြင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီးတော့ သုံးယောက်ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တဲ့ နှစ်ယောက်ကို ပေါက်တောဆေးရုံကို ယူသွားတယ်။ အဲဒီထဲက မယဉ်သိန်းက ပေါက်တောဆေးရုံမှာ ဆုံးသွားတယ်။ နောက်မယဉ်သိန်းရဲ့ညီမအရင်း မရွှေအေးသိန်းအသက် ၈ နှစ်ကလည်း ခုလေးတင်ဆုံးသွားတယ်။ တအိမ်တည်းကပါပဲ။ လက်နက်ကြီးတလုံးကျတော့ ညီမနှစ်ယောက် ဆုံးတာပါဗျာ။ နောက်ဒဏ်ရာရထားတဲ့ အဘွားတဦးကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။”
ဒီကနေ့ နေ့လယ်ပိုင်းက မင်းပြားမြို့အထွက် ကြပ်စင်တံတားအနီး မြန်မာစစ်ကြောင်းတခုကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဖလောင်းပြင် ကျေးရွာမှာဆိုရင်လည်း တရွာလုံးထွက်ပြေးနေကြရတယ်လို့ ကိုယ်တိုင်ထွက်ပြေးလာတဲ့ ဒေသခံအမျိုသမီးတဦးကပြောပါတယ်။
“လက်နက်ကြီးကျလို့ ထွက်ပြေးလာတာ။ အခုတော့ ဘေးလွတ်ရာရောက်နေပါပြီ။ မိသားစုလည်းပါတယ်။ ရွာသားတွေလည်း အကုန်လုံးထွက်ပြေးကြတယ်။”
မင်းပြားမြို့ ကျိန်းတောင်မှာအခြေချထားတဲ့ မြန်မာစစ်တပ် ခမရ ၅၄၁ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြေင့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ဒေသခံတွေကပြောပါတယ်။ မြန်မာစစ်တပ်ဘက်တော့ သူတို့တပ်တွေက လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေကို ပစ်ခတ်နေတယ်ဆိုတဲ့ စွစွဲချက်တွေကို ငြင်းပယ်လေ့ရှိပါတယ်။ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘကကိုကျခဲ့တဲ့ကျည်တွေဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အကြမ်းဖက်အဖွဲ့တွေပစ်ခတ်ခဲ့တဲ့ ကျည်တွေဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရခိုင်ဒေသ မင်းပြားမြို့နယ်အတွင်းက ကျေးရွာတွေက ဒေသခံတွေကြောက်လန့်ပြီး ဘေးလွတ် ရာတွေကို ထွက်ပြေးနေကြရသလို ဗုံးခိုကျင်းတွေမှာ ပုန်းအောင်းနေကြရတယ်လို့လည်း မင်းပြားဒေသခံတဦး ကပြောပါတယ်။
“ မင်းပြား ၅၄၁ တပ်ရင်း ကျိန်းတောင်ပေါ်ကလှမ်းပစ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဆင်ကြီးပြင်ရယ်၊ ထောင့်ချောင်းကြီးရယ် ဖလောင်းပြင်စတဲ့ ကျေးရွာတွေကိုကျပြီးတော့ ဒေသခံတွေ သေဆုံးတာတွေရှိတယ်လို့ ကြားရတယ်။တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ စစ်ကြောင်းထွက်လာတာကို AA က မိုင်းဆွဲတာကြောင့် သူတို့ကလက် နက်ကြီးတွေနဲ့ ရွာတွေကိုလှမ်းပစ်တာလို့သိရတယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေသုံး တုံ့ပြန်တိုက်ခိုက်နေတာတွေရှိသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း စစ်ကောင်စီစခန်းတချို့ကို တိုက်ခိုက်နေပါတယ်။ တိုက်ပွဲတွေကြား ဒေသခံတွေ မကြာခဏ သေဆုံးဒဏ်ရာရတဲ့ သတင်းတွေထွက်နေပေမယ့် သီးခြားအတည်ပြုချက်မရသေးသလို စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
Your browser doesn’t support HTML5
--------------
[[Unicode]]